ငယ်ငယ်တုန်းက စာသင်သားဘဝ ( ၅ )
မော်လမြိုင်မှာ ကိုရင်ဘဝနဲ့ တက္ကသိုလ်တတ်ပြီး ဘွဲ့ယူနိုင်ခဲ့ပေမဲ့ ပါဠိစာပေတန်းမှာတော့ ဒုံးရင်းပင် မူလတန်းကျလို့  မူလတန်းပင် ပြန်တတ်ခဲ့ရသည်။ မဖတ်တတ်တာလည်းပါသည်။ ဆရာသမားကို ကြောက်လွန်းအားကြီးတော့ သူ့ ရှေ့ရောက်တိုင်း မေ့မေ့သွားတာလည်း ပါသည် ။မူလတန်းမှာတော့ မိမိညီငယ်က ဆရာတစ်ဆူပင် ရုပ်တွက် ၊ပုဒ်စပ်၊ ပုဒ်ဖြတ် တွေ ပိုင်နိုင်ကျွမ်းကျင်ပြီး သဒ္ဒါ ရှစ်စောင် အာဂုံဆောင်တဲ့ သူပင်ဖြစ်နေလေပြီ ။ မြို့နယ်စာမေးပွဲတွေဆိုလည်း သူက ဝင်ဖြေခွင့်ရပေမဲ့ မိမိတို့ က ဖြေခွင့်မရပေ။ အောင်မြင်သွားတဲ့အခါ မိမိညီငယ်နှင့်တကွ ကျန်သော ကိုရင်ငယ်လေးများအား စာမေးပွဲမအောင်သော ကိုရင်ကြီးများက ရှိခိုးခြင်းပြုရသည် ။ကိုရင် သာမဏေများတွင်တော့ ကြီးသည် ငယ်သည်ဟူ၍ မခွဲခြားထားပေ။ ဒီတော့ ပညာကြီးသူကိုသာ ဦးချအရိုအသေပြုရသည်။ ဦးဇင်း ရဟန်း ဆိုလျှင်တော့ နေ့ ရက၊် အချိန်၊ တစ်မိနစ် တစ်စက္ကန့် မျှ ကြီးရင် အရိုအသေပြုရသည်။ ငယ်သူကိုကား အရိုအသေပြုစရာမလိုပေ ထို့ ကြောင့် ပါဠိစာပေ အားနည်းသော မိမိက မိမိ၏ ညီငယ်ကို ဆရာတင်မြှောက်ခဲ့ရဖူးသည်။ ( ယခုတော့ မိမိက ဦးဇင်း အရင်ဖြစ်၍ အနိုင်ကျင့်လို့ ရနေပါသည် )သူကမိမိထက် ဝါတော်ငယ်သေးသည်ကိုး ။
မိမိတို့ ကား အပတ်စဉ် ဥပုသ်နေ့ တိုင်း စာမေးပွဲ ဖြေရသည် ။အောင်တဲ့သူများကား သင်္ကန်း၊ ထီး၊ ဖိနပ် စသည်ကို စာချဆရာတော်များက ဆုပေးကြသည်။ ကျရှုံးသည့် သူများကတော့ မိအေးနှစ်ခါနာရသည်။ စာမေးပွဲကျသည့်အတွက် ဒဏ်ထမ်းရသည်။ ထင်းပေါက် ၊ကုဋီဆေး ၊အမှိုက်လဲ စသည့်တို့ တစ်နေ့ တစ်မျိုး မရိုးအောင် လုပ်ရလေသည်။ ညဘက်ရောက်တဲ့အခါ ဘုရားဝတ်တတ်ပြီးချိန်မှာတော့ သံဃာအပါး ၇၅၀ ကျော်ရှေ့တွင် အသံကျယ်ကျယ်ဖြင့် " တပည့်တော် ဘယ်သူဘယ်ဝါသည် စာမေးပွဲကျရှုံးထားပါသဖြင့် ဒက်ထမ်းခြင်းအမှုကိစ္စ ဆောင်ရွက်ပြီးပါသည် သံဃာတော် အရှင်သူမြတ်တို့ ဘုရား " ဟုဆိုတာ လျှောက်တင်ရလေသည် ။ထိုအခါ သံဃာတော်များက သာဓုခေါ်ကြပြီး တခစ်ခစ်နှင့် ရီမောကြတော့သည် ။နောက်တစ်ပတ်စာမေးပွဲ ငါအောင်ကိုအောင်ရမည်။ အခုလို အရှက်ကွဲမခံနိုင်ဘူး။ ဟူသော အသိများ အရှက်တရားများဖြင့် ပို၍ ကြိုးစားခဲ့ရသည်။ အမှန်အတိုင်းဝန်ခံရလျှင် မိမိ ပါဠိစာပေမူလတန်းတွင် ကြိုးစားအားထုတ်ခဲ့သလို ၁၀ တန်းစာမေးပွဲကိုသာ ထိုသို့  ကြိုးစားခဲ့လျှင် သေချာပေါက် ဂုဏ်ထူးခြောက်ဘာသာ ရနိုင်သည်ဟုပင် တွေးမိပါသည် ။ဘာလို့ ဆိုတော့ ဝတ်ကျေ တန်းကျေ စာကျက်ခဲ့ရသည့် ၁၀ တန်းထက် မိမိအသိစိတ် လိုချင်စိတ်ဖြင့် ကြိုးစားခဲ့သည့်အောင်မြင်မှုက ပိုပြီး ကြီးကျယ်နိုင်သည်ဟုပင် ခံစားမိပါသည်။
ဒီလိုနှင့် မိမိမှာ စားချိန် ကလွဲလို့  ကုဋီသွားသည့်အခါပင် စာအုပ်က ခါးကြားထိုးသွားသည်။ အချိန်ပြည့် စာကြည့်သည် ဆရာတော် ပို့ ချသည့် မာဃဒေဝ အလကာင်္များ လောကနီတိများဆိုလျှင် မိမိတို့  ကဗျာကို စကားပြေအဖြစ်ရေးရသလိုပင် ရေးကျင့်ခဲ့သည်။ တကယ့် အနှစ်သာရပြည့်ဝသည့် စာပေတွေမှန်း သိခဲ့ရတော့ ပို၍ပင် လိုချင်ခဲ့သည် ။ထို့ ကြောင့် တကယ်ကြိုးစားခဲ့ရသည် ။မိမိသူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ စာမေးပွဲ ဖြေဆိုခဲ့ပြီးလျှင် ဘယ်သောအခါမှ အောင်စာရင်း မကြည့်ခဲ့ဖူးပေ ။ မိမိဖြေဆိုခဲ့သည်ကို မိမိသိသည် ။မိမိအမှတ် မိမိဘာသာ တွက်ချက်တတ်သည်။ အဘယ်ကြောင့်ဆိုသော် ၏၊ သည် မရွေး ကျက်ပြီးဖြေခဲ့ရသည်မို့  မိမိကိုယ်မိမိယုံကြည်စိတ်ဖြင့် အောင်ကိုအောင်တယ် ဟုသာ ယုံကြည်ခဲ့သည။် ဘုန်းကြီးစာပေတွင် ထိုသို့ မဟုတ်တော့ချေ။ " ပါဠ်တစ်ချက် အနက်ဆယ်ထွေ " ဆိုသည့်အတိုင်း မိမိရေးခဲ့သည်မှာ ဆရာလိုချင်သော အာဘော်မှ ဟုတ်ရဲ့လား။ ပါဠိစာပေတစ်လုံးသည် အနက်ဆယ်မျိုးပင် ထွက်နိုင်သောကြောင့် မိမိဖြေဆိုခဲ့သည်မှာ ဆရာလိုချင်သော အဖြေဖြစ်နိုင်သည်ဟု တစ်ထစ်ချ ယူ၍ မရ ထို့ ကြောင့် ရင်ခုန်စွာဖြင့် အောင်ဂေဇတ်ကို မျှော်ခဲ့ရသည် ကြိုးစားမှုကြောင့် အောင်မြင်မှုများရခဲ့သည်။ ထိုမှတစ်ဆင့် စာချဆရာတော်များထံမှ ထီး ၊ဖိနပ် ၊သင်္ကန်း စသည့်ဆုတို့ ကို ရယူနိုင်လာခဲ့သည် ။
( ဆက်လက်၍ဖော်ပြပေးပါဦးမည် )
မိမိအား ချစ်သူ၊ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
MSC-181
Written by @gunapeya
ခုတော့ ဦးဇင်းလေးက ကုဋီသွားတာတောင်စာဖတ်ခဲ့ရတဲ့အတွက် steemit မှာ ဆရာတစ်ဆူလို စာကိုရေးသားနိုင်ခဲ့ပြီလေ။ဆရာတော်ကြီးရဲ့ မေတ္တာတွေကြောင့် ဗဟုသုတအစုံကိုရတာဦးဇင်းရေ။ကြိုးစားထားဗျာ။MSCမှာဆုလဲရပြီးပြီလေ...ဒါတွေဟာ ဦးဇင်းရဲ့ကြိုးစားအားထုတ်မှုကြောင့်ပါဗျာ။
ဒါတော့ ဒါပေါ့ ဒါပေမဲ့ စာကောင်းပေကောင်း ရေတော့မယ်ဆို ပျင်းရတာနဲ့ အနှောင့်အယှက်ဝင်တာနဲ့ တွေးသာတွေးပြီး ရေးမဖြစ်ခဲ့ဘူး ဒီထက်ပိုပြီး ပေးနိုင်အောင် ကြိုးစားပါ့မယ် မတ်ဇာရေ
ကြိုးစားမူရဲ့ ရလဒ်ပေါ့နော် ....
စာမေးပွဲအောင်သွားပီ
ဒဏ်လည်း ထမ်းရတော့ဘူးယေ့ယေ့
ပါဋ္ဌိ စာပေက ခက်ခဲနက်နဲတယ်နော်
ဟုတ်တယ် ကောင်လေးရေ တကယ်ခက်တယ်
စာသင်သားဘဝ အတွေကြုံလေးများ
၂၀၀၈-၂၀၀၉ ခုနှစ်က အငတ်ငတ် အပြတ်ပြတ်နဲ့ နေခဲ့ရတာ ကွောင်ကြီးရေ အဲ့မျိုး နေကြည့်ပါလား ရူးတောင်တွားအူးမယ် ဟားဟား
ကြိုးစားသူတိုင်းအောင်မြင်မှုကိုရပါတယ်ဘုရား
ဒါမျိုး မိမိ လက်ခံသည်
ဆုပေး ဒဏ်ပေး ဆရာတော်ကြီးများရဲ့ တပည့်များထားတဲ့စေတနာ မခံချင်စိတ်ကိုနိုးဆွပေးတာ
ဟုတ်တယ် ဦးထွေးရေ အဲ့ဒါကြောင့် ကြိုးစားမိတာ
အဟမ်း တပည့်တော် နှစ်လလောက်ဝတ်တာတောင် တော်တော်သိသွားတယ်ဖျာ့
ဟားဟား ဦးဇင်းက ဆယ်စုနှစ် တစ်ခုကြာခဲ့ပြီလေ
ဦးဇင်းရဲ့ စာသင်သား အတွေ့အကြုံလေးတွေ ဖတ်ရတာ ရသစုံခံစားရပါတယ် ဘုရား
မလွန်းလည်း ထပ်တူပါပဲကွယ်
လွမ်းစရာလေးတွေပေါ့နော် အရှင်ဘုရား
ဟုတ်ပါ့ လင်းညှို့ရေ
ဦးဇင်း ဒဏ်ထမ်း အော်တာ မြင်ဖူချင်တာ
ငင့် သူကြားအောင် အော်ပြရမလို ဖြစ်နေပြီ အရင်တုန်းက တော့ အမြဲအော်ခဲ့ရတာပေါ့