Weekend Movie:: TrivikramsteemCreated with Sketch.

in #myanmar7 years ago

FB_IMG_1527335451652.jpg

စစ်ပွဲတွေကို အောင်နိုင်မှ သူရဲကောင်း လို့ ခေါ်တာ မဟုတ်ဘူးတဲ့၊ စစ်ပွဲတွေကို ရပ်နိုင်သူမှ သူရဲကောင်းတဲ့။ စကားလုံးလေးက ဆန်းတော့ ဆန်း၏။ တကယ် သေချာ တွေးကြည့်က အဖြေကို သိမြင်နိုင်၏။ ထို့အတူ ထိုအဆို စကားကိုလည်း လက်ခံ မိရက်သား ဖြစ်သွား၏။

နှစ် (၃၀) ကြာ တိုက်ခိုက် ရန်ဖြစ်နေတဲ့ ရွာ (၂) ရွာ ရှိပါတယ်။ ရွာချင်း ကပ်လျက်တွေပါ။ အစ ကနဦးတုန်းက ထိုရွာ (၂) ခုဟာ တခုတည်းလိုပါပဲ။ စည်းလုံးပြီး ချစ်ချင်ခင်ခင်နှင့် နေထိုင်ကြတာပါ။ ဒါပေမယ့် ဖဲဝိုင်း တခုက စတဲ့ ပြဿနာက ထို ရန်မီးကို အစပျိုး ခဲ့သလိုပါပဲ။ ဖဲကျွေး (၅) ရူးပီကနေ စတဲ့ ကိစ္စက ထို ရွာ (၂) ရွာကို ရန်ဖက်တွေ ဖြစ်သွားစေခဲ့ပါတယ်။ ရွာလုံးကျွတ် မတည့်ကြတာတော့ မဟုတ်ပါဘူး။ ဦးဆောင်သူနှင့် နောက်လိုက်တွေ တဖက်နှင့် တဖက် မတည့်ကြခြင်းပါ။ သူဦး သူချ၊ ကိုယ်ဦး ကိုယ်ချပေါ့။

Kommaddi ရွာကို Narappa Reddy (Naga Babu) က ဦးဆောင် အုပ်ချုပ်ပြီး Nallagudi ရွာကိုတော့ Basi Reddy (Jagapati Babu) က ဦးဆောင်ပါတယ်။ ရန်ပွဲကို ဦးဆောင်သူတွေပေါ့။ ဒီလိုပဲ အပြန်အလှန် ချကြ၊ ပြုကြရင်း ရှင်သန်နေထိုင် နေကြပါတယ်။ ဒီလိုနှင့် တရက်မှာ Narappa Reddy ရဲ့သား Veera Raghava Reddy (Jr. NTR) တယောက် ရွာကို ပြန်လာခဲ့ပါတယ်။ သူဟာ London မှာ (၁၂) နှစ်တာ ကျောင်းတက်ပြီး၊ ကျောင်းပြီးလို့ သူ့ရွာကို ပြန်လာခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ကို ကြိုပြီး ရွာသို့ အပြန် လမ်းခရီး တနေရာမှာ သူတို့ ကားတန်း လုပ်ကြံခံရပါတယ်။

jr-ntr-aravindha-sametha-movie-grand-release-tomorrow-wallpapers-hd-2.jpg
photo from Google

လုပ်ကြံသူက ပြောနေစရာ မလိုတဲ့ Basi Reddy ပါပဲ။ ထို လုပ်ကြံမှုကြောင့် Veera ရဲ့ အဖေနှင့် ဦးလေး သေဆုံးခဲ့ပါတယ်။ Basi ကိုယ်တိုင်လည်း Veera ရဲ့ လက်ချက်နှင့် သေလုမျောပါး ဒဏ်ရာကြီး ရခဲ့ပါတယ်။ နှစ်ဖက်လုံး အသေအကျေ တိုက်ခိုက်ကြပြီး သေဆုံးသူ ဦးရေလည်း အများကြီးပါ။ ရဲတွေ အုပ်လိုက်ကြီး ရောက်လာမှ သူတို့ ရန်ပွဲ ပြီးသွားခဲ့ပါတယ်။ ရဲဟာ လူအုပ်ကြီး အားလုံးကို မဖမ်းဆီးနိုင်ပဲ အနည်းငယ်ကိုသာ ဖမ်းသွားခဲ့ပါတယ်။ မဖမ်းနိုင်တာမဟုတ်ပါဘူး၊ မဖမ်းရဲတာပါ။ Narappa နှင့် Basi တို့ရဲ့ အရှိန်အ၀ါက ထိုမျှလောက်ထိ ကြီးပါတယ်။

Veera ရဲ့ အိမ်အပြန် ခရီးဟာ မလှခဲ့ပါဘူး။ ပျော်စရာ အစား ငိုကြွေးစရာ၊ ၀မ်းနည်း စရာတွေနှင့်ပဲ ပြည့်နှက်သွားခဲ့ရပါတယ်။ အဖေနှင့် ဦလေးကို သူကိုယ်တိုင် သဂြိုဟ် ပေးပါတယ်။ နာရေးကိစ္စ ပြီးသွားချိန်ထိတိုင် သူ့မှာ အဖေနှင့် ဦးလေး အတွက် ပူဆွေးနေရပါတယ်။ ဘယ်လိုပဲ စိတ်ဖြေဖြေ သူ့မှာ ဖြေမရ ဖြစ်နေပါတယ်။ ရွာမှာသာ ဆက်နေရင် သူ ဓါးကိုင်ပြီး လက်တုန့်ပြန်မိမှာ အသေအချာပါ။ အဖွားက သူ့ ပူဆွေးမှုကို နှစ်သိမ့်ပေးပြီး ဓါးကို ဆက်လက် မဆုပ်ကိုင်ဖို့ ဖျောင်းဖျပြောဆိုပါတယ်။ ဒါနဲ့ Veera တယောက် ရွာကို စွန့်ခွာပြီး Hyderabad သို့ ထွက်လာခဲ့ပါတယ်။

S90317-14205063(1).jpg
photo from Google

Hyderabad မှာ Neelambari (Sunil) နှင့် အသိမိတ်ဆွေ ဖြစ်ခွင့် ရခဲ့ပါတယ်။ Neelambari ရဲ့ ကားဝပ်ရှော့မှာ နေထိုင်ရင်း Aravinda (Pooja Hegde) နှင့် ခင်မင်ခွင့်ရခဲ့ပါတယ်။ အကြောင်း ကြောင်းကြောင့် Aravinda အိမ်မှာ သွားနေပြီး သူတို့ မိသားစုကို စောင့်ရှောက်ဖို့ Veera တယောက် ကားဝပ်ရှော့ကနေ Aravinda အိမ်သို့ ပြောင်းရွှေ့ပြီး သွားနေ ဖြစ်ပါတယ်။ ၀မ်းနည်းမှုတွေနှင့်ပဲ ပြည့်နှက်နေတဲ့ သူ့ကမ္ဘာဟာ Aravinda ကြောင့် တဖန်ပြန်လည်ပြီး ပျော်ရွှင်မှု အလင်းရောင်လည်း ပြန်လည် လင်းလက်လာခဲ့ပါတယ်။

တဖက်မှာ Veera က သူ့လက်ချက်နှင့် သေပြီ ထင်ထားတဲ့ Basi ကလည်း သူ့ကို လက်စားချေဖို့ အပူတပြင်း လိုက်ရှာနေပါတယ်။ သူ ရှိတဲ့ နေရာကို Basi က သိသွားသလို၊ Basi အသက်ရှင်နေ သေးကြောင်းကိုလည်း Veera တယောက် သိသွားခဲ့ပါတယ်။ ဓါး မကိုင်တော့ဖို့ ဆုံးဖြတ်ထားတဲ့ Veera တယောက် Basi ကို ဘယ်လို ရင်ဆိုင်မလဲ။ သူ့ အဖွားနှင့် Aravinda တို့ ဖြစ်စေချင်တဲ့ သူရဲကောင်းတယောက် Veera တယောက် ဖြစ်လာနိုင်ပါ့မလား။ ရန်ပွဲတွေ သတ်ပွဲတွေ အစား ငြိမ်းချမ်းရေးကို သူ ဆောင်ကြဉ်းပေးနိုင်မလား ဆိုတာကိုတော့ …

ဒီကားလေးဟာ ကြည့်လို့ ကောင်းတဲ့ ဇာတ်ကား တကားပါ။ တိုက်ခိုက်ခန်းတွေကတော့ Indian ရုပ်ရှင်တွေရဲ့ သဘောသဘ၀အတိုင်း အနည်းငယ်တော့ လွန်ပါတယ်။ အနည်းငယ် ဆိုတာထက် တော်တော်လည်း လွန်တာပါ။ ဒါပေမယ့် အဲ့တာလေး တွေ သည်းခံ နားလည်ပေးပြီး ကြည့်ကြည့်မယ်ဆိုရင်တော့ ဇာတ်ကားက အတော်လေးကို ကောင်းပါတယ်။ ဇာတ်ကားက ပေးချင်တဲ့ message လေးက အတော်လေးလှပါတယ်။

Director
Trivikram Srinivas

Cast
N. T. Rama Rao Jr., Pooja Hegde, Eesha Rebba, Sunil, Jagapati Babu, Naveen Chandra, Supriya Pathak, Naga Babu, Rao Ramesh, Naresh, Devayani, Devayani

Don Jaun

MSC 31

Sort:  

အဲ့နည်းနည်းလွန်တာကို သည်းမခံနိုင်လို့ကျော်ကြည့်လိုက်တယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.089
BTC 61943.91
ETH 1740.69
USDT 1.00
SBD 0.38