မျှော်နိုင်သမျှတော့
ကိုဟင် ပြောပြနေသည့် အရာများကို ဖတ်ရ မှတ်ရတာ ဗဟုသုတ ရ၏။ အားကျဖို့လည်း ကောင်း၏။ ထို့ပြင် ၀မ်းနည်းဖို့လည်း ကောင်းလှ၏။ အချို့ site, software, app များ မြန်မာနိုင်ငံမှာ သုံးမရခြင်းကိုပေါ့။ ကိုဟင်ကတော့ coinbase wallet ကနေ USD တွေ အများကြီး ရလိုက်သဖြင့် MSC မှ မိသားစုဝင်များကိုလည်း ရစေချင်သောကြောင့် မည်သို့ မည်ပုံ လုပ်ရမည်ကို ပြောပြရှာ၏။ သို့ပေမယ့် ကျနော်တို့မှာ ထို airdrop လေးတွေကိုတောင် မရလိုက်ပေ။ ဆိုခဲ့သည့်အတိုင်း ရွှေမြန်မာတွေက waitlist ပေါ့။ coinbase ကပေးသည့် airdrop များရနိုင်မည့် စာရင်းများထဲတွင် မြန်မာ မပါပေ။ မည်မျှ ၀မ်းနည်းဖို့ ကောင်းသနည်း။
အများတကာတွေ airdrop နေကြစဉ် ကျနော်တို့မှာ မစားရမခမ်း မျှော်ငေးနေရုံလောက်သာ။ ရကြသူတွေက ပျော်ပါးလို့ မရကြသူတွေ ဖြစ်တဲ့ ကိုယ်တွေမှာတော့ ဘယ်လိုများ ရအောင် လုပ်ရမလဲ ရှာကြံရင်းနှင့် အချိန်တွေလည်း ကုန်ကုန်လာခဲ့တော့၏။ playstore မှာ app download လုပ်မရတုန်းကတောင် ဒီလောက်ထိ ရင်မနာမိပေ။ This item is not available in your country ဆိုသည့် စာတမ်းလိုပဲ ယခု waitlist ဆိုသည့် စာကလည်း ကျနော်တို့ကို တော်တော်လေး ခံစားသွားရမိစေတော့၏။ ပြောရလျှင် ယခု waitlist ကို ပိုပြီး ခံစားရ၏။
လေပြုတ်ကျတွေ အများကြီး ချပေးမည့် အချိန်ကြမှ ကျနော်တို့မှာ ကံဆိုးရရှာတော့၏။ လေပြုတ်ကျများ နှင့်အတူ ကျနော်တို့ပါ ပြုတ်ကျရကုန်၏။ နိုင်ငံကြောင့်ဟုတော့ လက်ညှိးတော့ ထိုးပြမနေတော့ပေ။ အမှန်တော့လည်း နိုင်ငံကြောင့်ပါပဲလေ။ ယခင်က နိုင်ငံကို အုပ်ချုပ်ခဲ့သည့် သူများကြောင့်ဟုသာ အားမနာတမ်း ဆိုရပေလိမ့်မည်။ ဒါကလည်း အမှန်ပဲကိုး။ နိုင်ငံအပေါ် ပိတ်ဆို့မှုကလည်း ခုထိ မပျောက်သွားသေးပေ။ အထိုက်အလျောက် ပြေလျော့သွားပြီ ဆိုပေမယ့် အလုံးစုံတော့ မရှင်းလင်းပေးသေးပေ။
စိတ်မကောင်းပုံကလွဲပြီး ဘာမှ မလုပ်နိုင်ပေ။ ကျနော်တို့ လုပ်လို့ရသည့် အလုပ်မှ မဟုတ်ဘဲ။ ထို့ကြောင့် မိမိတို့၏ လက်ရှိ အခြေအနေကိုသာ လက်မခံချင် ပေမယ့်လည်း လက်ခံလိုက်ရ၏။ တချိန်ချိန်မှာတော့ ပြောင်းလဲ လာမှာပါဆိုသည့် အတွေးလေးနှင့် စောင့်မျှောင်နေရတော့၏။ မရသေးသည့် အချိန်ထိတော့ ဒီလိုပဲ ဝေလေလေနှင့် နေနေရပေလိမ့်မည်။ မိမိ အဖြစ်ကိုပဲ အပြစ်တင်ရမလား၊ မည်သည်ကို အပြစ်တင်ရမှန်း မသိပေ။ မည်သို့ပင် ဆိုစေ လေပြုတ်ကျများ လိုချင်နေမှတော့ မရရမည့် နည်းလမ်းနှင့် ရှာကြံရတော့မပေါ့။ လိုလျှင် ကြံစ နည်းလမ်းရမလား။ တခုခုတော့ တွေ့မှာပါလေ။
Don Jaun
MSC 31
တစ်နေ့နေ့တော့ တွေ့ရမှာပဲလေ