သီတင်းကျွတ် (အခန်း ၁)
မကြာမီ သီတင်းကျွတ်တော့မည် ဖြစ်၏။ သီတင်းကျွတ် ကျောင်းပိတ်ရက်နှင့် ရုံးပိတ်ရက်များ စတင်ပြီ ဖြစ်၏။ ကျနော့် သင်တန်းများလည်း သောကြာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ပိတ်၏။ နေ့စဉ် အလုပ်ရှုပ်၊ အလုပ်များနေရာကနေ ခုလိုကြီး (၅) ရက်လောက် ပိတ်လိုက်တော့ လူက ကြောင်စီစီကြီး ဖြစ်နေ၏။ ဘာလုပ်လို့ လုပ်လိုက်ရမှန်းကို မသိပေ။ ခရီးထွက်ဖို့ ကလည်း အစီအစဉ် မဆွဲထားလိုက်ရတော့ ဒီအတိုင်း အိမ်မှာပင်။ နီးနီးနားနား ဟိုဟို ဒီဒီ သွားဖို့ကြပြန်တော့လည်း စိတ်က သိပ်မပါနေပေ။
အရယ်ရဆုံးက မနက်ခင်း အိပ်ယာထချိန် ဖြစ်၏။ ကျနော် ညဖက် အိပ်ရာဝင် နောက်ကျလေ့ ရှိကြောင်းကို အားလုံး သိပြီး ဖြစ်၏။ ညဖက် အိပ်ရာဝင် နောက်ကျခြင်းက မနက်ဖက် အိပ်ရာထ နောက်ကျခြင်းကိုပါ ဖြစ်စေ၏။ ထို့ကြောင့် မနက် စာသင်သွားဖို့ ကြိုတင်ပြီး နှိုးစက် (အလန်း) ပေးထားရ၏။ သင်တန်းချိန်က မနက် (၉) နာရီခွဲ စ၏။ ထို့ကြောင့် မနက် (၈) နာရီ ခွဲ အလန်းပေးထားရ၏။ ထိုသို့ အလန်းပေးထားတာတောင် အလန်း မြည်ချိန်မှာ အိပ်ရာကနေ ထဖို့ မနည်းကြီး အရှိန်ယူရ၏။ တခါတလေ အလန်းသံ မကြားမိလိုက်၊ သတိမထားမိလိုက်ဘဲ အိပ်ပျော်သွားသည်ကလည်း ရှိသေး၏။ (၉) နာရီလောက်မှ လန့်နိုးလာပြီး သင်တန်းသွားဖို့ ကပျာကယာ ပြင်ဆင်ရ၏။
ခု သင်တန်း များ ပိတ်ထားချိန်ကြ ပြောင်းပြန်။ အလန်း မပေးဘဲ အိပ်တာတောင် မနက်ခင်း (၆) နာရီလောက်ကတည်းက နိုးနေ၏။ ဘယ်လိုမှ ပြန်ဆက်အိပ်လို့ မရပေ။ ဘယ်လောက်များ စိတ်တိုဖို့ ကောင်းလိုက်သနည်း။ အိပ်လို့များ ရမလားဆိုပြီး ဟိုလှိမ့် ဒီလှိမ့်နှင့် ဆက်မှိန်းနေသော်လည်း မရပေ။ လုံးလုံး ပြန် အိပ်မပျော်ပေ။ ဆိုးလိုက်သည့် ဖြစ်ခြင်း။ အိပ်လို့က မရပါဘူးဆိုမှ လူက တနေကုန် အားနေပြန်၏။ ဘာမှကို လုပ်စရာ မရှိနေပေ။ သို့နှင့် ဂိမ်းတွေပဲ ထိုင်ထိုင် ဆော့ ဖြစ်နေတော့၏။
အဝေးရောက်နေသည့် သူငယ်ချင်းတွေကတော့ မေးကြပါ၏။ ဘာအစီအစဉ် ရှိလဲတဲ့။ အစီအစဉ် ရှိရင် ပြန်လာမလို့တဲ့။ ကျနော်လည်း အားနာစိတ်မကောင်းစွာ ဘာအစီအစဉ်မှ မရှိဘူးဆိုပြီး ပြန်ပြောရ၏။ ခုလို ယောင်တောင်တောင် အဖြစ်မျိုးက နွေရာသီ ပိတ်ရက်များမှာလည်း ဖြစ်လေ့ ရှိ၏။ နွေရာသီမှာ ဖြစ်တာက မဆန်းပေ။ ရက်ရှည် ပိတ်တာကိုး။ သို့ပေမယ့် သီတင်းကျွတ်မှာတော့ တခါသားမှ ခုလို မဖြစ်ဖူးပေ။ ဒီနှစ်မှ ထူးထူးဆန်းဆန်း ပျင်းသလိုလို၊ ယောင်သလိုလို၊ လေသလိုလို ဖြစ်နေခြင်း ဖြစ်၏။
တခု ရှိတာက ယခင် သီတင်းကျွတ် ပိတ်ရက်များတုန်းက ဟိုဟို ဒီဒီ လျှောက်သွား ဖြစ်တာကိုး။ ခရီးဝေး မဟုတ်တောင်၊ ခရီးတိုလေး ဖြစ်ဖြစ် သွားလိုက်သေးသည်ကိုး။ ဘော်ဒါတွေ အပေါင်းအသင်းတွေ တရုန်းရုန်းနှင့် ဆိုတော့ အချိန်ကုန်လို့ ကုန်သွားမှန်း မသိလိုက်ရပေ။ ပိတ်ရက်က ခဏလေးနှင့် ပြီးသွားသလိုပင် ခံစားရသေး၏။ ခုကတော့ ထိုသို့ မဟုတ်ပေ။ စစချင်း တရက်မှာပင် တော်တော်လေး ပျင်းနေပြီ ဖြစ်၏။ သို့ပေမယ့်လည်း ကြံဖန်ပြီး ပျော်အောင်တော့ နေရပေလိမ့်ဦးမည်။ ကောင်းကောင်း အနားယူရင်း ပြန်ဖွင့်ချိန်မှာ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များအတွက် အားမွေးထားရဦးမည် မဟုတ်လား။
Don Jaun
MSC 31


Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!
Vote for @Steemitboard as a witness to get one more award and increased upvotes!