Shan Star Jeep ရှာပုံတော်

in #myanmar7 years ago

FB_IMG_1498534182631.jpg

ဒီနေ့ နေခတစ်ယောက် အားနေ၏ ။ ဒီနေ့မှ အားသည်ဆိုလို့ ယခင်ရက်တွေကတော့ အလုပ်များနေသလိုလိုပေါ့ အမှန်မှာတော့ နဂိုတည်းက နေခတွင် လုပ်စရာ အလုပ်ကို မယ်မယ်ရ မရှိတာ ။ ကျောင်းပြီးကတည်းက ယောင်လည်လည်ဖြစ်နေတာလေ ။ ဆရာစိုင်းခမ်းလိတ်ရဲ့“ လူငယ်ခြေကျ ” သီချင်းထဲကလိုပေါ့ ။ ခပ်ပျင်းပျင်း ဖြစ်နေသဖြင့် လက်ဘက်ရည်သောက်ရန် ထွက်လာလိုက်၏ ။ ထိုင်နေကျဆိုင်လေးမှာ အေးအေးလူလူထိုင်နေ လိုက်၏ ။ ဖွင့်ထားသည့် သီချင်းလေးကို နားထောင်လိုက် လက်ဘက်ရည်လေး ငုံလိုက်နဲ့ ဇိမ်ကျနေတာပေါ့ ။

“ ထိုင်လို့ရမလား ”

အသံကြောင့် နေခ ခေါင်းထောင်ကြည့်လိုက်၏ ။ အခြားဝိုင်းတွေ အားနေသားနှင့် မိမိဝိုင်းတွင်ထိုင်လိုသူက ဘယ်သူလဲပေါ့ ။ မြန်မာပြည်သားမဟုတ်သည့် နိုင်ငံခြားသား တစ်ယောက်ဖြစ်နေ၏ ။ အေးအေးနေချင်ပေမယ့် လည်း ယဉ်ကျေးမှုအရ နေခ ထိုင်ခုံ ထိုးပေးလိုက်၏ ။ ထိုင်ပြီးမကြာ ထိုလူက စကားစတော့၏ ။

“ ကိုယ်က ဟင်နရီဖိုဒ့်ပါ ။ ကိုယ့် အကြောင်းကို ကြားဖူးမှာပေါ့ ။ ကိုယ့်ညီနား အကူအညီနည်းနည်းတောင်းမလို့။ ကိုယ် ဒီိမှာရှိနေတုန်း ဟိုနားဒီနား သွားသွားလာလာလုပ်ဖို့ ကားတစ်စီးလောက်လိုချင်လို့ ။ မငှားဘူးနော် အပိုင်ဝယ်မှာ ၊ ကိုယ်ပြန်မှ ပြန်ရောင်းခဲ့မှာ ။ အဲ့ဒါ …”

အေးအေးနေလိုကာမှ ကနဦးကားလောက နာမည်ကြီးပုဂ္ဂိုလ် ဟင်နရီဖိုဒ့်နဲ့မှ လာတွေ့နေရတယ်လို့ ။ ခက်နေ တာက နေခတစ်ယောက် ကားလည်းမမောင်းတတ်သလို ကားအကြောင်းလည်း လုံးဝမသိ ။ ဒါနဲ့

“ တခြားသူနား သွားမေးကြည့်ပါလားဗျာ ။ ကျွန်တော်က ကားအကြောင်း ဘာမှသိတာမဟုတ်ဘူး ။”

နေခစကားမဆုံးခင်မှာပင် ဖိုဒ့် က ကြားဖြတ်ကာ

“ တခြားလူ … ကိုယ်မှ မသိတာ ။ ကိုယ့်ညီကိုတွေ့လို့ ပြောကြည့်တာပါ ။ကိုယ့်ညီ အဆင်မပြေလည်း ပြီးတာပါပဲ ။ ဒါဆိုဟိုဆိုင်းဘုတ်က အလှချိတ်ထားတာထင်ပါ့နော့် ”
ပြောပြောဆိုဆိုနှင့် ခပ်လှမ်းလှမ်းမှ ဆိုင်းဘုတ်ကို မေးငေါ့ ပြ၏ ။

Warmly welcome and take care of tourists.“ နိုင်ငံခြားသားများကို ကူညီပါ”

တော်တော်လည်တဲ့ ပုဂ္ဂိုလ် .. ချည်ပြီးတုပ်ပြီးတစ်ခါတည်း ရိုက်လိုက်၏ ။ နေခ ဘာများတတ်နိုင်တော့မည်နည်း ။ ဒါနဲ့ ကားဝယ်ရောင်းလုပ်နေသည့် သူငယ်ချင်းထံ ဖုန်းဆက်ပေးလိုက်၏ ။ သူငယ်ချင်းက လက်ဘက်ရည်ဆိုင် လိုက်လာ၏ ။ အကျိုးအကြောင်းပြောပြတော့ သူ့နားမှာတော့လောလောဆယ်ကားမရှိကြောင်း အရေးကြီးက အသိတစ်ယောက်နားလိုက်ပို့ပေးမည်ဆိုသဖြင့် ဖို့ဒ် က

“ ကောင်းပြီလေ လိုက်ကြည့်တာပေါ့ ။ ကိုယ့်ညီလည်း လိုက်ကူပါလား ၊ အချိန်ရရင်ပေါ့ ”

အချိန်ရရင်ပေါ့လို့သာ ပြောနေတာ သူ့မျက်လုံးတွေက ဆိုင်းဘုတ်ကို ဦးတည်ပြနေသဖြင့် နေခတစ်ယောက် အေးအေးနေခွင့် မရဘဲ လိုက်ခဲ့ရလေတော့၏ ။ သူငယ်ချင်း၏ အသိက ကားဝယ်ရောင်းလုပ်သူတစ်ယောက်ဖြစ်၏။ တစ်ရက်သားက အစ်ကိုတစ်ယောက် ကားဝယ်တုန်းက ထိုလူနားကပင် ၀ယ်သွား၏။ အဲ့တုန်းက အသိ work shop ဆရာတစ်ယေက်နှင့်အတူ လာခဲ့ခြင်းဖြစ်၏။ ကားဝယ်ရောင်းလုပ်သူက နေခကို မမှတ်မိပေ။ ကောင်းတော့လည်းကောင်းသည် နှုတ်ဆက်ရသက်သာသည် မဟုတ်လော။ သူ့ထံတွင် fit နှင့် ရွှေငါး ရှိသည်။ သူငယ်ချင်းက fit ကိုပိုသဘောကျ၏။ ၀ယ်ရောင်းဆရာကြီးက ရွှေငါးကိုသာ ယူစေချင်သည့်သဘောနှင့်

“အာ fit ဘာလုပ်မှာလဲ။ ခန့်မှ မခန့်ဘဲ ရွှေငါးကပဲစီး စမ်းပါ ငါ့ညီရာ”

အမ် … အစ်ကိုနှင့် နေခတို့လာခဲ့တုန်းက ကျတော့ fit ကောင်းကြောင်းတွေ ပြောခဲ့သူမှာ သူမှ ဟုတ်ပါလေစ ဟု နေခ တွေးနေမိ၏။ တက်လည်းတက်နိုင်တဲ့သူ။ သူငယ်ချင်းက fit ကိုကြည့်ပြီး ရွှေငါးကိုကြည့် ကားပေါ်တက် စက်နှိုး ဟိုစမ်းဒီစမ်း ဟိုဖွင့်ဒီဖွင့်ပေါ့။ နေခကတော့ သိပ်နားမလည်လှပေ။ သူငယ်ချင်းက စမ်းနေရင်း ၀ယ်ရောင်းဆရာကြီးကို လှမ်းပြော၏။

“အစ်ကို ဘတ်မှန်ချိန်တဲ့ ခလုတ်က အလုပ်မလုပ်ဘူးကော”

ဟိုလူ့ အဖြေက ရှင်းသည်။

“ပါတာပဲ ဟုတ်နေပြီ ငါ့ညီကလည်း၊ ကျန်တာအကုန် အကောင်းပါကွ၊ ရှယ်ဂွတ် ရှယ်သန့်။”

တော်တော် ဟုတ်တဲ့လူ။ နေခ သူငယ်ချင်းက ကားနှစ်စီးလုံးကို သိပ်မကြိုက်လှပေ။ နေခ ဖိုဒ့် ကို လှမ်းကြည့်လိုက်၏။ သူ့ပုံစံကလည်း သဘောမတွေ့သည့်ပုံ။ ဒါနဲ့ပဲ နေခတို့ ထိုဝယ်ရောင်းသမားကြီး ထံမှ ပျော်ရွှင်စွာပြန်ခဲ့ကြ၏။
လမ်းမှာ ဖိုဒ့်က စကားစ၏။

“အမှန်တော့ ကိုယ်က ဒီနိုင်ငံပြင်ပက ၀င်တဲ့ ကားတွေထက် ညီလေးတို့ နိုင်ငံက ကိုယ်တိုင်ထုတ်တဲ့ ကားမျိုး စီးချင်တာကွ။ ဟို ဘာတဲ့ စက်မှုဇုန်ထုတ် Shan Star Jeep ဆိုတာလား၊ နိုင်ငံတွင်းမှာ နာမည် ကြီးတယ်ဆို”

ဗုဒ္ဓေါ … ကိုယ်တိုင်ထုတ်ကားတဲ့။ ပြီးက ဘယ်က ဘယ်လို ရှာဖွေမှတ်သားလာလည်းမသိပါဘူး။ Shan Star Jeep တဲ့။ နေခ ကျောင်းတက်နေတုန်းကတော့ ကြားဖူးလိုက်သေးသည်။ နောက် ၃၊၄၊၅ နှစ်လောက်ကြာတော့ အနှီ Jeep နှင့် ပတ်သက်၍ ဘာသတင်းမှ ထပ်မကြားရတော့။ အေးသာယာ စက်မှုဇုန် ထုတ် Shan Star နှင့် Light Truck တို့သည် တခေတ်တခါကတော့ အလွန် နာမည်ကောင်းရသည်။ ထို့နောက်တွင်တော့ ဘာမှမကြားရ မသိရတော့ပေ။ နေခက ဟုတ်မှတ်ကြောင်း ခေါင်းညိတ်ပြပြီး စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဖိုဒ့်က ဖြတ်၍

“အကို့ကို လိုက်ပို့ပါလား ညီလေး၊ အဲ့ ကားထုတ်တဲ့ စက်မှုဇုန်ကို”

သွားပြီ … သွားပြီ။ ဘယ်လိုများ ငြင်းရမည်လဲ။ အေးအေးနေလိုပါတယ်ဆိုမှ ဖိုဒ့်ကတော့ ဟုတ်နေပြီ။ လေသံကသာ ပို့ပေးပါနော်၊ စတိုင်က မင်းပို့ကိုပို့ပေးရမယ် ဆိုတဲ့ အချိုးနဲ့။ စိတ်ကူးပေါက်တိုင်းလည်း “Warmly welcome and take care of tourists” ဆိုတာလေးကို တိုးတိုးလေး သတိရတိုင်း ဆိုနေ၏။ တိုးတိုးလေး ဆိုပေမယ့် အမှန်တော့ နေခ ကြားအောင်ရွတ်ပြနေခြင်းပင်။ နေခသည် သူ၏ Guide လည်း မဟုတ်။ အကူအညီဆိုလည်း ဒီလောက်ထိဆို တော်သင့်ပေပြီ။ ခုဟာက လွန်လွန်းနေပြီ။ အားနာတတ်သော၊ ကူညီတတ်သော မြန်မာလူမျိုးကို သတ်သတ်အနိုင်ကျင့်တာ။ သို့သော် နေခ ဘာများတတ်နိုင်မည်လဲ။ စောကစောက လိုက်ကူသော သူငယ်ချင်းနှင့် အတူ သူငယ်ချင်းကားနှင့်ပင် အနှီ ဖိုဒ့်ကို လိုက်ပို့ရပေဦးမည်။ သူငယ်ချင်းက ကားမောင်းနေရင်း လှမ်းပြော၏။

“ နေခ .. အဲ့ကားတွေက ရှိကော ရှိသေးလို့လား။ ငါတောင် ဘာမှ မကြားမိတော့တာ တော်တော်ကြာနေပြီ”

“ အေး .. ငါကောပဲ၊ သို့ပေမယ့် ဘယ်တတ်နိုင်မလဲကွာ၊ ဖိုဒ့်ကြီး စိတ်ချမ်းသာအောင် လိုက်ပို့လိုက်ကြတာပေါ့ကွာ။ နောက်ပြီး ငါတို့လည်း အဲ့ကားတွေ ဆက်ထုတ်သေးလား၊ မထုတ်ဖြစ်တော့ ဘူးလား သိရတာပေါ့”

နေခတို့ ဖြည်းဖြည်းမှန်မှန်လေး မောင်းလာလိုက်ရာ အေးသာယာမြို့ကို ကျော်လာပြီးနောက် နေခတို့ရဲ့ နည်းပညာ တက္ကသိုလ် ကျောင်းကြီးရှေ့နားသို့တိုင် ရောက်လာပေ၏။ မကြာပြီ စက်မှုဇုန်တောင် ရောက်ပေတော့မည်။ နေခလည်း ကျောင်းပြီးသည့် နောက်ပိုင်း မရောက်ဖြစ်သော ကျောင်းတော်ကြီးကို လွမ်းမောစွာ ငေးကြည့်နေမိ၏။ အလို ကျောင်းရှေ့အလွန်နား၌ ကားတစီးကို ထော်လာဂျီ(တုတ်တုတ်) နဲ့ ဆွဲလာသည်ကို နေခမြင်လိုက်မိ၏။ သေချာကြည့်တော့ ဖိုဒ့် ကြည့်ချင်သည် ဆိုသည့် Shan Star Jeep ကြီးဖြစ်နေ၏။ စိုးရိမ်တကြီး နေခ ဖိုဒ့်ကို လှမ်းကြည့်မိ၏။ ဖိုဒ့်မှာ ခန့်ငြားသော ကျောင်းတော်ကြီးကို ငေးမောကြည့်နေသောကြောင့် အနှီမြင်ကွင်းကို မမြင်လိုက်ပေ။ တော်သေး၏ Shan Star power ကျလို့ မဖြစ်။ လမ်းမှာပင် အရှက်ကွဲလို့ မဖြစ်။ ဟိုရောက်မှ ကောင်းမွန်သော ဂုဏ်သတင်းနှင့် ကျော်စောသည့် အကောင်းစား Jeep ကို ပြရမည်။ ပြောသာပြောရသည် Jeep နှင့် Light truck သတင်းက သိပ်မကြားရတာပင် ကြာနေပြီ။ အို .. ဟိုရောက်မှ မီးစင် ကြည့်ကမည်ဟု နေခ တွေးလိုက်သည်။

စက်မှုဇုန်ရောက်တာ့ နေခ သိသည့် ကားထုတ်လုပ်သည့် နေရာသို့ သွားလိုက်၏။ အလို … ကားထုတ်သည့် နေရာကျယ်ကြီးတွင် ဈေးဆိုင်တိုက်ခန်းတွဲလေးတွေ နေရာယူထားလို့ပါလား။ သူငယ်ချင်းက မေးကော့ပြသည်။ နေခလည်း မလှမ်းမကမ်းက လက်ဖက်ရည်ဆိုင်မှာ ကားရပ်ခိုင်းလိုက်၏။

“မင်းတို့ လက်ဖက်ရည်သောက်နေလိုက်ဦးကွာ။ ငါ သွားမေးလိုက်ဦးမယ်”

ပြောပြောဆိုဆိုနှင့် နေခ ဈေးဆိုင်တန်းဘက်သို့ ထွက်လာလိုက်၏။ တွေ့တွေ့ချင်းဆိုင်ခန်းက ကြီးမားပြီး သေသပ်လှပသည့် Phone အရောင်းဆိုင် တဆိုင်။ နေခလည်း ထိုဆိုင်ထဲသို့ ၀င်မေးလိုက်၏။

“အကို ရေ … အရင်က ဒီိမှာ ကားထုတ်လုပ်တဲ့ စက်ရုံမဟုတ်ဘူးလားဗျ။ နေရာများရွှေ့သွားလားဗျ။ ရွှေ့သွားရင်လည်း နေရာ အသစ်ကို သိရင် တဆိတ်လောက် ညွှန်ပေးပါဗျ။”

ဝန်ထမ်းကောင်လေးက နေခကို အူလည်လည်နှင့် ကြည့်နေ၏။ စားပွဲခုံနောက်နားမှာ ထိုင်နေသော ဆိုင်ရှင်ဖြစ်ဟန်တူသည့် အကိုတယောက်ထလာပြီးမေး၏။

“ဘာလို့လဲ ညီလေး”

“ဟို ကျတော် စက်မှုဇုန်ထုတ် ကားတွေ ကြည့်ချင်လို့ပါအကို”

နေခ စကား အဆုံး၌ ဆိုင်ရှင်အကိုသည် အံ့သြစွာဖြင့်

“ကားတွေက မထုတ်တော့ဘူးညီရဲ့။ ကားထုတ်တာက တခြားသူ မဟုတ်ဘူး။ အကိုတို့ မိသားစုပဲ။ ဒါပေမယ့် ရေရှည်မှာကြတော့ မလွယ်ကူဘူးကွ။ ငွေကြေးအရင်းအနှီး၊ အချိန်၊ နည်းပညာ နဲ့ သင့်တော်သော ကူညီဖေးမ လမ်းညွှန်ပေးမှုလေးတွေ လိုတောပေါ့ကွာ။ ခုတော့ အခြေအနေ မကောင်းလို့ ညီမြင်တဲ့ အတိုင်း Phone ဆိုင်လေးပဲ ဖွင့်လိုက်တော့တယ်။ တနှစ်လောက်တောင်ရှိတော့မယ် ဖွင့်ထားတာ။ ဒါက ပိုကိုက်တယ်လေ။ လူတိုင်းကားမစီးနိုင်ပေမယ့်။ လူတိုင်း Phone ကိုင်နိုင်နေတာကိုး။”

စကားပြောနေရင်း မီးကပြတ်သွား၏။ Phone များထည့်တင်ထားရာ မှန်ဗီဒိုအလှဆင်ပြီးများမလင်းတော့သောကြောင့် ၀န်ထမ်းကောင်လေး ထိုင်နေရာမှ ထလိုက်၏။ ၀န်ထမ်းကောင်လေးက အရင်သင့် ထားထားသော မီးစက်ရှိရာသို့ ပြေးသွားပြီး မီးစက် နှိုးဖို့ လုပ်နေ၏။ ခဏနေတော့ ပြန်ပြေးထွက်လာပြီး

“အကို မီးစက်က နှိုးမရဘူး ဖြစ်နေတယ်၊ ဘာလို့လဲ မသိဘူး”

“ ရော် ...မင်းတို့ကလည်း ခက်ပြီ။ ဒီမီးစက်ကို ခုထိ ကောင်းကောင်း မနှိုးတတ်ကြသေးဘူး။ အေးပေါ့ မီးကမမှန်တော့ သူ့ပဲ ထပ်ကာထပ်ကာ အလုပ်ပေးနေတော့ သူ့ခဗျာလည်း အမောဖောက်ပေါ့။ မင်းတို့ကလည်း သေသေချာချာလေး ဂရုတစိုက်လိုက်ကြည့်ထားကြလေကွာ။ နှိုးမရရင် ငါ ဘယ်လို လုပ်လဲ ဆိုတာ။ ဆိုင်မှာ ငါ မရှိချိန်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကဲ ညီလေး ခဏကွာ။ အကို မီးစက်သွား နှိုးလက်ဦးမယ်။ အော် ဇုန်ထုတ်ကား ကြည့်ချင်ရင်တော့ ဟော့ ခြံဝန်းထောင့်နားမှာ ပစ်ထားတဲ့ Shan Star ဘော်ဒီခွံလေးတော့ ရှိတယ်”

ဆိုင်ရှင်အကိုက လက်ညှိုးထိုးပြပြီး ထဖို့ပြင်၏။

“ နေနေ … အကို၊ ညီလည်း ပြန်တော့မှာ။ ခုလို ပြောပြပေးလို့ ကျေးဇူးနော့် အကို”

နေခလည်း ကျေးဇူးတင်စကားဆိုပြီး ဆိုင်ထဲမှ ထွက်လာလိုက်၏။ ဖိုဒ့်တို့ထိုင်နေသော လက်ဖက်ရည်ဆိုင်ဖက်သို့ လေးလံသော ခြေလှမ်းများနှင့် မလှမ်းချင် လှမ်းချင် လျှောက်လိုက်၏။ ဖိုဒ့်ကို မည်သို့ ပြောပြလျှင်ကောင်းမည်နည်းဟု နေခ စဉ်းစားနေ၏။ စဉ်းစားလို့က မရ။ ထိုခဏ၌ ခပ်လှမ်းလှမ်း ထီလှည်းမှ သီချင်းသံက ပြန့်လွင့်လာ၏။ သေချာနားထောင်ကြည့်တော့ ဆရာမြို့မငြိမ်း၏ လူချွန်လူကောင်း သီချင်း …

“လျှပ်စစ်အား အသုံးအများတဲ့ အပြင် … တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်
သစ်ပင်တွေ မြေတွင်းဓါတ်တွေ ဖော်ယူနိုင်စွမ်း တက်ကျွမ်းကျင်
ကမ္ဘာမြေ ပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င် သုံးသပ် လေ့လာသင်
အကြံဥာဏ်ဝေဖန် မြှော်လို့မြင်
ငါတို့ ပြည်ထောင်စုတွင်”

Don Jaun

Sort:  

ဟားဟား သကြန်​ကျမှ ပြန်​လာ​ပြောလိုက်​​လေဗျ

မြန်မာထုတ် ကားတွေ စီးရမယ့် နေ့ တနေ့  မရောက်လာဘူးလို့  ဘယ်သူ ပြောနိုင်လဲ။
ဘယ်သူမှ မပြောနိုင် ဘူး ။
😜😜😜

မျိုးဆက်​သစ်​​တွေအ​ပေါ်မှုတည်​တာပဲ
တချို့ကမျိုးဆက်​သစ်​ ကိုယ်​တိုင်​​မွေးကြတယ်
တချို့က သူများမျိုးဆက်​သစ်​​တွေ ​ပျိုး​ထောင်​​ပေးတယ်
😜😜😜😜😜😜😜

bro စာရေးဆရာ လားဗျ

ဟုတ်ရပါဘူး ဗျာ။ ကျောင်းတုန်းကတော့ စာတိုပေစလေး ရေးဖူးပါရဲ့ 
😊

Hi friend,
Welcome to @Steemitwallet Blog inspiration to create in our community

steemit cion wallet.jpg

Best CryptoCurrencie market Buy and Sell Steemit Wallet Cion to day.

For more information about Steemitwallet,.>>....click here
Thanks

Congratulations @donjaun! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67401.36
ETH 2611.38
USDT 1.00
SBD 2.68