Sea Game (Chapter 2)

in #myanmar4 years ago

t5n9axz4v5.jpg

ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မနေ့ (၃၀.၁၁.၂၀၁၉) က ကျင်းပ၏။ ဖွင့်ပွဲက မနေ့ကမှ လုပ်ပေမယ့် အချို့ အားကစားနည်းတွေကတော့ ဖွင့်ပွဲ အခမ်းအနား မတိုင်ခင်ကတည်းက ယှဉ်ပြိုင်ကစားနေကြပြီ ဖြစ်၏။ ဘောလုံးအားကစားနည်းနှင့် အချို့အားကစားနည်းများ ကြိုတင် ကစားနေကြပြီ ဖြစ်၏။ ဘောလုံး အားကစားနည်း ဆိုလျှင် အုပ်စုပွဲစဉ်များ တဝက်ကျော်ကျော်တောင် ပြီးနေပြီ ဖြစ်၏။ မြန်မာ U 22 အမျိုးသား ဘောလုံး အသင်းဆိုလျှင် အုပ်စု ပွဲစဉ် တပွဲသာ ယှဉ်ပြိုင်ကစားဖို့ ကျန်တော့၏။ ပြီးလျှင်တော့ ဆီမီး ဖိုင်နယ်၊ ဖိုင်နယ်ပေါ့။

မြန်မာ အမျိုးသား ဘောလုံး အသင်း၏ ခြေစွမ်းက မဆိုးပေမယ့် ချန်ပီယံ ဖြစ်နိုင် မဖြစ်နိုင်ကတော့ ယတိပြတ် ပြောလို့ မရသေးပေ။ ကိုယ့် နိုင်ငံအသင်းကို ချန်ပီယံ ဖြစ်စေချင်တာကတော့ ကျနော်တို့်အားလုံး၏ ရင်ထဲက ဆန္ဒ ဖြစ်၏။ ရှေ့ရက်မှာ ရေးထားခဲ့ဖူးသည့်အတိုင်း ဘာတွေ ဆက်ဖြစ်လာမည်ကိုတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ တပွဲထက် တပွဲတော့ ကစားကွက်၊ ခြေစွမ်းပိုင်း ကောင်းမွန်လာခဲ့၏။ သို့ပေမယ့် နောက်တန်း အမှားကိုတော့ ခုထိ ပြင်ဆင်ထားနိုင်ခြင်း မတွေ့ရသေးပေ။ နောက်ပိုင်း ပွဲစဉ်တွေမှာ နောက်တန်း ကစားသမားတွေသာ သေသေချာချာ၊ ကောင်းကောင်းမွန်မွန်နှင့် အမှားနည်းနိုင်သမျှ နည်းအောင် ပြင်ဆင်နိုင်မည် ဆိုလျှင် ကျနော်တို့ လိုချင်သည့် ချန်ပီယံဆုဖလားကြီးကို ရယူနိုင်မည် ဖြစ်၏။

895vfxm4iv.jpg

ဆီးဂိမ်းနှင့် ပတ်သက်ပြီး သတင်းလည်း အမျိုးမျိုး ကြားနေရ၏။ အမှန်တွေကော၊ အမှားတွေကောပေါ့။ အားကစားပွဲတော် အကြီးကြီး ဖြစ်နေခြင်း၊ နိုင်ငံပေါင်းစုံမှ လာရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများ၊ ကြည့်ရှုအားပေးကြမည့် ပရိတ်သတ်များ အစရှိသဖြင့် လာရောက်သူများလည်း များပြားသဖြင့် ပွဲစီစဉ်ရေးမှာ အခက်အခဲ၊ အဆင်မပြေမှုတွေ တွေ့နိုင်၏။ သို့ပေမယ့် အဆင်မပြေမှုများကို တက်နိုင်သမျှ နည်းအောင် လုပ်ဆောင်ပေးနိုင်လျှင်တော့ ပိုပြီး ကောင်းမည် ထင်၏။

မြန်မာ ဘောလုံးအသင်း စီးရသည့် ကားက မီနီဘတ်စ်လေး ဖြစ်နေလို့ အခေါက်ခေါက် ကြိုရခြင်း၊ အသင်း ဟိုတယ်နှင့် လေ့ကျင့်ရေးကွင်းက နီးသည်ဆိုသည့် အကြောင်းပြချက်နှင့် လေ့ကျင့်ခန်း လုပ်ဖို့ကို လမ်းလျှောက်သာ သွားရခြင်း အစရှိသဖြင့် အဆင်မပြေမှုများကို ကြားရ၏။ အစားအသောက်ပိုင်းမှာလည်း အဆင်မပြေသဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကိုယ်ပိုင် အစီအစဉ်နှင့် အစားအသောက်များကို စီစဉ်ပေးနေရသည် ဆို၏။ တရက်သားက online သတင်းတခုမှာ မလေးရှား ကစားသမားတဦးကို ဟာလာ မလွတ်သည့် အစားအသောက် (ဝက်သား) ပါသည့် အစားအစာ တမျိုးကျွေးမိသွားသည် ဆို၏။ ထိုသတင်း မှန်မမှန်တော့ ကျနော် အတိအကျ မသိပေ။ သတင်းသာ အမှန် ဆိုပါက ထိုအမှားမျိုးက မမှားသင့်သည့် အမှားမျိုး ဖြစ်၏။

နေရာ ချထားရေးမှာလည်း ကစားသမားများကို တခန်း (၄) ယောက် နေခိုင်းတာမျိုးတွေ ရှိသည်ဆို၏။ လူ (၄) ယောက်က များလို့လား ဆိုလျှင် မများဘူးဟု ပြောလို့ ရပေမယ့် ရေချိုးခန်း၊ သန့်စင်ခန်း သုံးစွဲရေး ကိစ္စရပ်များတွင်တော့ အဆင်မပြေနိုင်ပေ။ တယောက်ကို တယောက် စောင့်နေရတာမျိုးတွေ ရှိလာနိုင်၏။ အချိန်ပုပ်၏။ စိတ်ရှုပ်ရ၏။ အသွား အလာ ကားကိစ္စကတော့ အဆင်ပြေသွားပြီဟု သိရ၏။ မီနီဘတ်စ်များအစား ဘတ်စ်ကားကြီးများ ပြောင်းလဲ ပေးလိုက်ပြီ ဖြစ်ကြောင်း သိရ၏။ အစားအသောက်ကတော့ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်တွေက ကိုယ့်အစီအစဉ်နှင့် ကိုယ် အဆင်ပြေအောင် လုပ်ဆောင်လိုက်ကြသည် ဆို၏။ နေရာထိုင်ခင်း သတင်းကတော့ ဘာမှ ထပ်မကြားရသေးပေ။

မည်သို့ပင် ဆိုစေ အားလုံး အဆင်ပြေပြေနှင့် သက်တောင့် သက်သာလေး ဖြစ်လျှင်တော့ ကစားသမားတွေ အတွက်လည်း ကောင်းသလို၊ အိမ်ရှင် နိုင်ငံ၏ ပုံရိပ်လည်း တက်လာ၊ လှလာမည် မဟုတ်လား။

Don Jaun

MSC 31

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 62480.78
ETH 3045.78
USDT 1.00
SBD 3.91