Return of Nay Kha

in #myanmar9 years ago

FB_IMG_1498534182631.jpg

တနေ့သ၌ ကျွန်ုပ်သည် နက်နံခင်း စာသင်ချိန် မရှိသဖြင့် အေးအေးလူပင် အိပ်ရာမှာ ထကာ နံနက်စာ စားဖို့ ပြင်ဆင်လေ၏။ ရာသီဥတုက အတန်ငယ် အေးသည်က လွဲလျှင် သာယာသည်ဟု မဆိုနိုင်သော်လည်း ကျွန်ုပ် ကြိုက်သော ရာသီအချိန်အခါ ဖြစ်၏။ ပေါင်မုန့်အား မီးကင်စက်ထဲသို့ ထည့်ကာ coffee ဖျော်ရန် ပြင်ဆင်လိုက်၏။ အသစ်စက်စက် coffee နှပ်စက်လေးထဲသို့ ရွာငံထုတ် ရွှေရွာငံ coffee သုံးဇွန်းခန့် ထည့်ကာ ရေနွေးထည့်၍ နှပ်ထားလိုက်၏။

သို့ဆို၍ အနှီ coffee နှပ်စက်လေး အကြောင်း ပြောရပေဦးမည်။ အမှန်တော့ ကြွားသည်ဆိုက ပိုမှန်၏။ coffee နှပ်စက်သည် တထွာသာသာ သာရှိ၍ သေးသေးလေးနှင့် ချစ်စရာကောင်းလှ၏။ (၁၉၄၂) ခုနှစ်၊ အီတလီ နိုင်ငံထုတ် PEDRINI တံဆိပ်ဖြစ်၏။ အနှီ coffee စက်ကို coffee ကြိုက်တတ်သော ကျွန်ုပ်အတွက် ညီမလေး တယောက်မှ လက်ဆောင် ပေးခြင်း ဖြစ်၏။ အီတလီမှ တိုက်ရိုက် မှာ ပေးထားခြင်းဖြစ်၏။ ထို့ထက် ပို၍ ထူးခြားသည်မှာ အနှီ PEDRINI coffee maker စက်လေးသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နှင့်အတူ ပါလာခြင်းဖြစ်၏။ ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည်ခရီးစဉ်၌ နောက်တော်ပါးမှ လိုက်ပါလာသည့် ဘုန်းတော်ကြီးတပါးမှ ထို coffee maker လေးကို ယူလာပေးခြင်း ဖြစ်၏။ ဆိုရလျှင် ပုပ်ရဟန်းမင်းကြီး၏ ကောင်းချီးပေးခြင်း ခံထားရသော coffee စက်လေးဟု ပြောရပေမည်။

FB_IMG_1512371264614(1).jpg

Coffee ရသည် နှင့်တပြိုက်နက် ပေါင်မုန့် မီးကင်ထားခြင်းသည်လည်း အသင့်အနေအထားသို့ ရောက်ရှိပြီဖြစ်၏။ ပေါင်မုန့်အား ထောပတ် အနည်းငယ်သုပ်လိမ်းပြီး coffee ကို ဖန်ခွက်ထဲသို့ ထည့်ပြီး သကာလ ညက ဖတ်လစ ဆရာနေ၀င်းမြင့်၏ အိမ်ကလေး (၁၆) လုံး စာအုပ်ကို ယူကာ ထမင်းစားခန်းမှ အိမ်ရှေ့ ၀ရန်တာ ဖက်သို့ ထွက်လာလိုက်၏။ ကျွန်ုပ် ထိုင်ခုံ၌ ထိုင်ပြီး မရှေးမနှောင်းမှာပင် ခြံဝန်းထဲသို့ လူတယောက် ၀င်လာသည်ကို တွေ့ရ၏။ ထိုသူသည် အနောက်တိုင်း ၀တ်စုံကို သပ်ရပ်စွာ ၀တ်ဆင်ထား၏။ အသားခပ်ညိုညို၊ အရပ် မနိမ့်မမြင့် ဖြင့် ကြည့်ကောင်းသူ တယောက်ဖြစ်၏။ ကျွန်ုပ်အနားရောက်သော် သူက စတင်၍ နှုတ်ဆက်၏။

P71204-214413-01.jpeg

“ မင်္ဂလာ နံနက်ခင်းပါ … ဆရာ … ”

ကျွန်ုပ်လည်း မင်္ဂလာပါ .. ဗျာ ဟု ဆိုပြီး မျက်နှာခြင်းဆိုင် ခုံ၌ ထိုင်ရန် နေရာပေးလိုက်၏။ နှုတ်ဆက်သူကို သေချာကြည့်တော့ ကျတော့် အသိထဲက မဟုတ်။ ဆရာဟု ခေါ်နေ၍ ကျွန်ုပ် တပည့်တွေထဲက တယောက်များလားဟု ဆိုရအောင်လည်း မဖြစ်နိုင်ပေ။ ယခု ပုဂ္ဂိုလ်က ကျတော်နှင့် အသက်အားဖြင့် မတိမ်းမယိမ်းပင်။ ကျွန်ုပ်၏ ဇဝေဇ၀ါ ဖြစ်နေသော မျက်နှာကို ကြည့်၍ သူက ပင် အလိုက်တသိဖြင့် …

“ ဆရာ …။ ကျတော့်ကို မမှတ်မိဘူးလား … ။ ကျတော် နေခလေ ဆရာ ”

သူပြောမှ ကျွန်ုပ်လည်း သတိထားမိ၏။ မိမိဇာတ်ကောင်ကို မိမိမေ့နေသော စာရေးဆရာပင်။ ဆိုးလှပါတကား။ သူကလည်း ကျွန်ုပ် မမှတ်မိသည်ကို သတိထားမိပြီး သကာလ သိပ်ကျေနပ်ပုံ မရသော မျက်နှာပေးဖြင့် ကျွန်ုပ်အား ကြည့်ကာနေ၏။ ကျွန်ုပ်လည်း အိမ်ထဲသို့ ၀င်ကာ နေခ အတွက် coffee တခွက် ယူပေးလိုက်၏။ coffee မြင်မှသာ အတန်ငယ် ပုပ်သိုးနေသော မျက်နှာသည် ကြည်လင်၍ လာ၏။ coffee တငုံသောက်ပြီး သကာလ နေခက စကားစ၏။

“ ဆရာ ။ စာလည်း မရေးဖြစ်ဘူး ထင်တယ်နော်။ steemit မှာ တင်တာ မတွေ့လို့ ”

“ အေးဗျ ! တန်ဆောင်တိုင် ပြီးကတည်းက ကျန်းမာရေးမကောင်းတာနဲ့ မရေးဖြစ်တာ ခုထိပါပဲ။ အတွေးတွေကတော့ ရှိပါရဲ့ … ဒီကြားထဲ မအားတာနဲ့၊ mood မ၀င်တာနဲ့ မရေးဖြစ်တာပါ။ ကဗျာတို၊ စာတို လောက်လေးတွေတော့ ရေးဖြစ်ပါတယ်။ ကြားထဲ စာသင်တာတွေ၊ စာဖတ်တာတွေနဲ့ပဲ အချိန်ကုန်နေလို့ပါ။ ”

“ Promotion မရှိလို့ မဟုတ်ဘူးလား … ဆရာ ”

ဗုဒ္ဓေါ … ကျွန်ုပ် ဇာတ်ကောင်ကတော့ သူ့ ၀သီအတိုင်း ကျွန်ုပ်ကို နှပ်လေပြီ။ သူပြောတာလည်း မှန်သင့်သလောက် မှန်ပေမယ့် Promotion အစီအစဉ် ခဏ တဖြုတ် မနားမီကတည်းက ကျွန်ုပ် စာမရေးဖြစ်ခြင်း ဖြစ်၏။ ကျွန်ုပ် တခုခု ပြောမည် ကြံစဉ်မှာပင် သူကပင် ဆက်၍

“ ဆရာတို့ မြန်မာတွေက အဲ့တာခက်တာ။ ဘာလုပ်လုပ် တစိုက်မတ်မတ်နဲ့ ဆုံးခန်းတိုင်အောင် လုပ်ကြမယ် မရှိဘူး။ အလကားရနေတာကို အလကားနေရင်း အလကား ကြိုးစားမယ် မရှိဘူး။ pro မရှိတာနဲ့ ဘာမှာ မလုပ်တော့ဘူး။ အဲ့တာခက်တာ ”

img (3)-01.jpeg

ဒါကတော့ အနှီနေခ များပြီ ထင်၏။ အလကားနေရင်း အလကားဆိုရအောင် ဘယ်အရာမှ အလကားမရ။ Post တင်မှာသာ အနှီ steem နှင့် SBD ကို ရသည် မဟုတ်လော။ နေ့စဉ်ရေးနိုင်ဖို့မှာ လွယ်တာကြလို့။ ၀ါရင့် သမ္ဘာရင့် ဆရာ့ ဆရာကြီးများနောင် နေ့စဉ် ရေးနိုင်တာကြလို့။ ကျွန်ုပ်က ကျွန်ုပ်အကျင့်၊ ကျွန်ုပ်လမ်းစဉ် အတိုင်းသာ ဖြည်းဖြည်းမှန် သွားသူ ဖြစ်၏။ အနှီနေခသည် ပြောချင်သည်ကို ဒဲ့ဒိုးကြီး ပြောချပစ်၏။ မှန်သင့်သလောက် မှန်သည် ဆိုပေမယ့်၊ မှန်တိုင်လည်း ဇွတ်ပြော၍ မဖြစ်ပေ။ သူ့ဘ၀သည် ကျွန်ုပ်လက်ထဲမှာ ရှိသည်ကို အနှီနေခ မသိလေရော့သလား။ မိမိဇာတ်ကောင်ကို မိမိ လိုသလို စေစားလို့ ရသည် မဟုတ်လော။ ကျွန်ုပ် စိတ်ခံစားမှုကို ရိပ်မိသွားသော နေခက ချက်ချင်းပင် ...

“ အားလုံးတော့ မဟုတ်ပါဘူး ဆရာရယ်။ တချို့တွေ ပြောတာပါ။ ဆရာက နေမကောင်းတာရယ်။ မအားလို့ရယ် မရေးဖြစ်တာပါ။ ဆရာက စပြီးရင် အဆုံးထိ သွားတတ်သူဆိုတာ ကျတော် ကောင်းကောင်းသိတယ်။ ”

အခြေအနေကို ကောင်းစွာ သိသူ၊ ပြောင်းလဲ နိုင်သူ နေခပင်။ ကျွန်ုပ် စိတ်ဆိုးမှုက အနည်းငယ် ပြေလျော့ သွား၏။ ထို့နောက် နေခကပင် ဆက်၍

“ အပင်ပန်းခံ ဦးဆောင်ပြီး လုပ်ပေးနေသူတွေ ရှိတုန်း၊ လမ်းဖောက်ပေးနေသူတွေ ရှိတုန်းလေး ကျတော်တို့က ကြိုးစားရမယ် မဟုတ်ဘူးလား ဆရာ။ ခွင့်သာခိုက်လေး လိုက်စေချင်တယ် ဆရာ။ ဆရာလည်း နေကောင်းကျန်းမာနေပြီဆိုတော့ အချိန်တခုပေးပြီး စာလေးတွေ ရေးစေချင်တယ် ဆရာ။ ကဲပါလေ ... ဆရာ့ နံနက်ခင်းလေးကို ကျတော် ဖျက်ဆီးမိပြီ ထင်ပါတယ်။ ခွင့်ပြုပါဦး ဆရာ။ နောက်ရက်များမှ လာခဲ့ပါဦးမယ်။ ”

ပြောပြောဆိုဆိုနှင့် လက်ကျန် coffee ကို မော့ချကာ ကျွန်ုပ်ကို နှုတ်ဆက်ပြီး ထွက်သွားလေတော့၏။ ကျွန်ုပ် ဘာမှ ပြန်မပြောနိုင်ခင်မှာပင် နေခသည် ခြံဝင်းအပြင်သို့ ရောက်သွားပြီ ဖြစ်၏။ ကျွန်ုပ်၏ သောက်လက်စ coffee သည် အေးစက်၍ နေပြီ ဖြစ်၏။ ဖတ်ရန် ယူလာသော စာအုပ်ကိုလည်း တရွက်မျှပင် မလှန်လိုက်ရပေ။ ပေါင်မုန့် ထောပတ်သုပ်လေးမှာလည်း အခုထိ အရာ မယွင်းသေး။ နံနက်ခင်းသည် လက်ကျန်အချိန်များကို ကျွန်ုပ် သတိထားမိစေရန် အစွမ်းကုန် အသက်ဝင်ပြနေ၏။ ခပ်လှမ်းလှမ်း ဆီမှ ပဲပြုတ်သည် ဒေါ်လုံးတင် အော်သံကို ကြား ရ၏။ သူမက ပဲပြုတ်ဟု အော်ပေမယ့် ကျွန်ုပ် နားထဲ၌ ….

Don Jaun

MSC 31

Sort:  

Promotionမရှိတုန်းpostမတင်ပေမဲ့စာလေးတော့ရေးထားတာ post ၃ခုလောက်တော့ရှိနေပါတယ်။အခုpromotionရတော့တင်မယ်လုပ်တော့လူများနေလို့ ဒီနေ့တော့တင်ဖို့အခွင့်အရေးတောင်မရလိုက်ပါဘူး။

နောက်ရက်ပေါ့ ဗျာ။

ကိုယ့်လူတွေကိုယ်ပဲအရင်မြှင့်မဟေ့ ခိုင်လောက်မယ်ထင်တာပဲ။

ဟာ ကိုနေခကြီး ချတီးမစ်ထဲပစ်ထည့်ပြီး တစ်ရက်တစ်မျိုး လုပ်ခိုင်းပြိုက်

ဝိုင်းရိုက် လိုက်ကြမှ ဟုတ်ပေ့ ဖြစ်နေဦးပါမယ် လေ ....

မင်္ဂလာပါ ကိုနေခ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 63951.51
ETH 1771.79
USDT 1.00
SBD 0.39