ခုနေ ငါသေသွားရင်

in #reading7 years ago

Screenshot_2017-05-23-17-18-47_com.miui.video(3).png

ဒီနေ့ ခင်မင်ရသော အစ်ကိုတစ်ယောက်၏ မင်္ဂလာဆောင်ကျင်းပရာ ကလောမြို့သို့သွားဖြစ်ခဲ့၏။ အသွားတုန်းက (၄)ယောက်ဖြစ်၏။ ကားကို သူငယ်ချင်းတစ်ယောက် ကမောင်း၏။အပြန်မှာတော့ တောင်ကြီး ပြန်လိုက်မည့် သတို့သား၏ညီနှစ်ယောက်၊ ဓါတ်ပုံလိုက်ရိုက်ပေးသည့် ကျွန်တော့်သူငယ်ချင်းဓါတ်ပုံဆရာနှင့် သူ့အဖေ စုစုပေါင်း (၈) ယောက်ဖြစ်သွားတော့၏။ ညနေစောင်းချိန် ဖြစ်သွားသဖြင့် နည်းနည်းမှောင်လာ တော့၏။ အောင်ပန်းမြို့မှထွက်လာပြီးချိန်မှာတော့ လုံးဝမှောင်သွားတော့၏။ ကျွန်တော်တို့အဖွဲ့လည်း ကားမီးထွန်းကာ ဖြည်းဖြည်းမှန်မှန်လေး မောင်းလာခဲ့၏။ ကားစီးလာရင်း ကျွန်တော် သတိထားမိသည်မှာ လမ်း၌ မျက်နှာချင်းဆိုင်မှ လာသည့် မည်သည့်ကားမှ မီးမချပေးခြင်းပင်။ တစ်ချို့ကားတွေကတော့ ကပ်ရှောင်သည့်အနီးနား အကွာဝေးရောက်မှ မီးခဏချပေး၏။ အနည်းငယ်သော ကားတစ်စီးစနှစ်စီး လောက်သာ မီးချပေး၏။ ဗန်ကားလေး၏ နောက်ခုံ၌ (၄)ယောက်ထိုင်နေရသဖြင့် အတန်ငယ်ကြပ်သောကြောင့် ကျွန်တော်လည်းအသာလေး မျက်စိမှိတ် ရှေ့ခုံသို့ ခေါင်းလေးမှီထားလိုက်၏။

“ဂလုန်း” ဟူသောအသံနှင့်အတူ နဘေးက အစ်ကို၏ “ Brake နင်း Brake နင်း” ဟူသော အသံကိုကြားလိုက်ရ၏။ ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်၏။ သို့သော် ဘာမှမမြင်ရပေ။ ကျွန်တော်မြှောက်တက်သွားမှန်းတော့ သိလိုက်၏။ ဘုရား၊တရားကို အာရုံပြုကာ ရသည့်ဘုရားစာလေး မြန်မြန်မှန်မှန်ရွတ်လိုက်၏။( မတော်တဆတစ်ခုခုဖြစ်သွားသော် ဘ၀ကူးကောင်းဖို့ အစွဲမှန်ဖို့လိုသည် မဟုတ်လော။) မကြာသော အချိန်ကလေးမှာ ကားရပ်သွား၏။ ကျွန်တော်တို့အားလုံး တစ်ယောက်နှင့် တစ်ယောက် သူအဆင်ပြေလား ငါအဆင်ပြေလားမေးကာ ကားပေါ်မှခပ်မြန်မြန်လေး ဆင်းလိုက်ကြ၏။ ကားပေါ်မှဆင်းပြီး လမ်းပေါ်တက်ကြည့်မိမှ ကားသည်လမ်းဘေးသို့တော်တော်ကြီးကို ထိုးဆင်းသွား၏။ ဆွတ်ကြောင်းကြီးက အထင်းသား။ ကျွန်တော်တို့ကားကျရာမှ ရှေ့ကို ခြေ(၂) လှမ်းလောက်လှမ်းလိုက်ပါက ချောက်ထဲသို့ရောက်သွားမည်မှာ မလွဲပေ။ ကျွန်တော်တို့တော်တော်ကံကောင်းသည်ဟု ဆိုရပေမည်။ လမ်းနှင့်တော်တော်လှမ်းသည့် အကွာအဝေးထဲထိ ကားကကျသွားသဖြင့် ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ကိုဖြစ်မည့် အခြေအနေမှာ ကျွန်တော်တို့အားလုံးဘာမှ မဖြစ်သည်က တော်တော်အံ့သြဖို့ကောင်း၏။ ကျေးဇူးလည်း တင်သည့်၏။

ဖြစ်သွားပုံက ဒီလို။ အောင်ပန်းနှင့် ဟဲဟိုး မရောက်ခင် တောင်ဆင်းလမ်း(အစ်ကိုတွေကတော့ တီကောင်တောင် ဟုခေါ်လိုက်သလားပဲ) အကွေ့ကြီးနားမရောက်ခင် အကွေ့လေးကိုကြော်လာအပြီး တစ်ဖက်ကား၏ စူးရှသော ကားမီးကြောင့် ကားမောင်းသည့် သူငယ်ချင်းမှာ မျက်စိပြာသွားကာ ကားကိုဘေးဆွဲချလိုက်၏။ ထို့နောက်လမ်းပေါ်ပြန်ဆွဲတင်မည်လုပ်တော့ တစ်ခုခုနှင့် တိုက်မိသံ ဂလုန်းလို့မြည်ပြီး ညာဖက်ရှေ့ဘီးပေါက်ကာ စီယာတိုင်ကို ဘယ်ဖက်သို့ ဆွဲလို့မရဘဲ ညာသို့ပါသွားကာ ချောက်ဘက်သို့်ထိုးဆင်းသွားခြင်းဖြစ်၏။ Break နင်းလို့မအော်ခင်ကတည်းက သူက Break နင်းထားပြီးသား။ သို့သော် ကားဘီးက မြက်တွေနှင့်လျှောပါသွားကာ ဆင်ခြေလျှောလေးအတိုင်းထိုးဆင်း သွားခြင်းဖြစ်၏။ ကျွန်တော့်ဘေးမှ သူငယ်ချင်း၏ ပြောပုံအရ သူ့မျက်နှာသို့ မြေ၊သဲတို့လာစင်သည်ကို စဉ်းစားကြည့်ပါက ကားသည် တစောင်းအခြေအနေဖြစ်သွားရာမှလှဲမသွားဘဲ ကံကောင်းထောက်မစွာ အတည့်အတိုင်းပြန်ကြကာ အောက်သို့ထိုးဆင်းသွားခြင်းဖြစ်ပေမည်။ ကံကောင်းလွန်း၍သာ အသက်(၈)ချောင်းအကောင်းပကတိ ပြန်ရ လိုက်ခြင်း ဖြစ်၏။

ခပ်လှမ်းလှမ်းမှ တက်လာနေသည့် ခရီးသည်တင်ကားကြီးတစ်စီးချက်ချင်းရပ်သွားပြီး ကျွန်တော်တို့ထံ အပြေးကလေးရောက်လာပြီး လူတွေဘာဖြစ်သွားလဲ အဆင်ပြေလား စသည်ဖြင့်ပြောဆိုမေးမြန်းကာ ကားကိုပြန်ဆွဲတင်ရန် လုပ်ကြတော့၏။ ကျွန်တော်တို့ထပ်မံကံကောင်းသွားသည့် အချက်မှာ ည (၇)နာရီကျော်လောက်သာ ရှိသေးသဖြင့် ကားအသွားအလာ မပျက်သေးသောကြောင့်ပင်။ သူတို့အား ကျွန်တော်တို့အားနှင့် ကြိုးစားကြည့်၏။ ကားကလှုပ်ရုံသာလှုပ်သည် သိသိသာသာကြီးရွေ့မသွား။ ခဏနေ ခေါင်ပေါ်မှာကော အောက်ထဲမှာကော ခရီးသည်အပြည့်နှင့် ကားတစ်စီး ရောက်လာ၏။ ကျွန်တော်တို့ အဖြစ်ကို လှမ်းမြင်ပြီးသကာလ ဘာမှပြောနေစရာမလိုဘဲ ချက်ချင်းဆင်းလာကြပြီး ညာသံပေးကာ ကားကို ၀ိုင်းဝန်း တွန်းတင်လိုက်ကြ၏။ ကားလည်းလမ်းပေါ်ရောက်သွားရော “ဟဲဟိုးသားကွ… ဟဲဟိုးသား” ဟု အော်ကာ ကားပေါ်တက်ထွက်သွားကြ၏။ သူတို့သည် ကလောသို့ဘောလုံးပွဲသွားယှဉ်ပြိုင်ရာမှ ပြန်လာသော ဘောလုံးအားကစားသမားဖြစ်ကြလေ၏။ ခရီးသည်တင်ကားပေါ်မှ အစ်ကိုများကော၊ ဘောလုံးသမား အစ်ကိုများအားလုံးကိုကော အလွန်မှ ကျေးဇူးတင်ပါ၏။ ခရီးသည်တင်ကားကြီးနှင့် အားကစားသမားများ စီးလာသောကားကြီးများ ထွက်ခွာသွားပြီးနောက် ကျွန်တော်တို့၏ ဘီးလဲလုပ်ငန်း စရတော့၏။ ကားဘီးကပေါက်သွားသည့်အပြင် ဂွေပါလိမ်သွား၏။ ဘီးအပိုပါလာ၍တော်သေး၏။ ခက်နေသည်က ဂျိုက်ကအဆင်မပြေ၊ ဘီးနတ်ဖြုတ်တံက ကောက်နေ၏။ ကောင်းရော။ ဒါနဲ့ (၁၀)ဘီး ကားကြီးတစ်စီးကိုတား ဂျိုက်ငှား၊ ဘီးနတ်ဖြုတ်တံကြတော့ “ချမ်းသာအောင်” ကားလေးတစ်စီးကိုတားပြီးတော့ ငှား၊ ဖြုတ်၊ပြီးဘီးလဲ။ တကျွီကျွီမြည်နေတဲ့ကားကို ဘုရားတရားတပြီး ဖြည်းဖြည်းနဲ့မှန်မှန်မောင်းလာရတော့တာပါပဲ။ ဘ၀မှ ဘယ်တော့မှ မမေ့နိုင် နောက်ထပ်လည်းထပ်မလိုချင်တော့တဲ့ အမှတ်တရပါပဲ။ တခြားဘယ်မှာမှ မမြင်တွေ့နိုင်တဲ့ မြန်မာလူမျိုးတွေရဲ့ကူညီတတ်တဲ့စိတ်ထားလေးကတော့ ကမ္ဘာတည်သရွေ့ရှိနေမှာပါ။

ည(၁၀:၃၀)နာရီလောက်အိမ်ပြန်ရောက်တော့ စိတ်ပူတတ်တဲ့ အမေ့ကို ကားဘီးပေါက်နေလို့ဆိုပြီး အဖြူရောင်မုသားလေးသုံးလိုက်ပါတယ်။ အမေပြုတ်ထားတဲ့ ကန်စွန်းဥပြုတ်လေးကို အမေနဲ့အတူထိုင်စားရင်း စောစောကသာ ငါတစ်ခုခုဖြစ်သွားရင် အမေနဲ့ခုလို အတူထိုင်စားရမှာမဟုတ်ဘူးဆိုတဲ့ အတွေးလေး ၀င်လာမိသလို အမေနဲ့အတူထိုင်စားဖြစ်တဲ့ ကန်စွန်းဥပြုတ်အရသာဟာလည်း အရင်နဲ့မတူ တမူထူးခြား ကောင်းမွန် လို့နေတာကို ခံစားသိရှိလာပါတော့တယ်။

ကျွန်တော်အတွေးတစ်ခုဝင်မိတယ်ဗျ။ ဆရာပီမိုးနင်းရဲ့ အဖိုးတန်ဆုံးသော အရင်းအနှီးများကို ကျွန်တော်တို့ (၉)တန်းမှာကတည်းက သင်ဖူးတယ်။ အင်း ဟုတ်တယ်၊ အချိန်အရေးကြီးတယ်ပေါ့ ဒီလောက်ပဲ။ ဒီနေ့တော့ ကျွန်တော်လုံးဝ သဘောပေါက်သွားတော့တယ်။ ကိုယ်တွေ့ကြုံမှ သိပေါ့ဗျာ။ ကျွန်တော်သေရမှာ မကြောက်ပါဘူး။ ဒါပေမယ့် ခုနေသေသွား၍ ကျွန်တော့်အတွက်တော့မတန်ဘူးဗျာ။ ဒီကမ္ဘာမြေကြီးမှာ ကျွန်တော်ရှင်သန်နေထိုင်သွားတယ်ဆိုတာ လူတွေကိုသိစေချင်သေးတယ်ဗျာ။ ကျွန်တော်အကျိုးရှိတာလေး တစ်ခုခုတော့ လုပ်သွားချင်သေးတယ်။ နောက်တစ်ခုက ကျွန်တော်တို့က အချိန်တွေကို တန်ဖိုးမထားတဲ့အပြင် လူတွေကိုလည်း တန်ဖိုးမထားဘူးဗျာ။ ကိုယ့်ရဲ့ခင်မင်ရသူတွေ ကိုယ့်ရဲ့ချစ်ခင်ရသူတွေကို ကျွန်တော်တို့ မေ့မေ့လျော့လျော့နဲ့ ဂရုမစိုက်ဘဲနေကြတယ်။ အချိန်တွေရှိပါသေးတယ်၊ နောက်ရက်တွေ့တာပေါ့၊ နောက်ရက် ဆုံတာပေါ့နဲ့ အချိန်တွေဆွဲခဲ့ကြတယ်။ ပိုင်ဆိုင်နေရတဲ့ အချိန်လေးကို တန်ဖိုးမထားဘဲ ပြစ်တင်ဝေဖန်ခြင်းတွေ၊ မကျေနပ်မှုတွေ၊ လောဘ မသတ်နိုင်မှုတွေနဲ့ပဲ ရှင်သန်နေခဲ့ကြတယ်။ အမှန်တော့ ကျွန်တော်တို့ရဲ့ အချိန်တွေဟာ စိန်စီထားတဲ့ အချိန်တွေပါပဲဗျာ။ အချိန်ရှိတုန်းလေး လုပ်စရာရှိတာလုပ်၊ တွေ့စရာရှိတဲ့လူနဲ့တွေ့၊ ပျော်စရာရှိပျော်၊ ဘ၀အမောတွေကိုတတ်နိုင်သလောက် လျော့ချပြီး အေးအေးဆေးဆေးဘ၀ကို ဖြတ်သန်းမယ်ဆိုတဲ့ ကျွန်တော့်ရဲ့အရင်တုန်းကဆုံးဖြတ်ချက်က ပိုလို့ခိုင်မာသွားပါတော့တယ်ဗျာ။ ပြီးတော့ လုပ်စရာရှိတာတွေကိုလည်း ချက်ချင်းလုပ်ရမယ်ပေါ့ဗျာ။ ပြီးတော့ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ တဖက်သားကို ကူညီတတ်တဲ့ စိတ်ထားလေးကိုလည်း မှတ်မှတ်ထင်ထင်နဲ့ မှတ်တမ်းတင်ထားရဦးမှာပေါ့ဗျာ။

ကိုယ့်ကိုတန်ဖိုးထားတတ်သော အများကို တန်ဖိုးထားတတ်သော ပြုလွယ်၊ ပြောင်းလွယ်၊ ပြင်လွယ်၊ သင်လွယ်၊ နာခံလွယ်သောသူ ဖြစ်ရပါလို၏။

စကြွင်း ။ ။ လွန်ခဲ့သော ၃ နှစ်က ဖြစ်ရပ်မှန် ဇာတ်လမ်းလေးအား ရေးသားထားခြင်း ဖြစ်ပါသည်။

#DonJaun
#SteemitMyanmar

Sort:  

ဒီ post ကို steem voter group မှာ ချ ပေးလိုက်ရင် ပိုကောင်းမယ်, ဒီလို post တွေ ဒီထက်မက ရသင့်လို့ပါ။

ဟုတ် ကဲ့ အကို
ကြားရက်တွေက post မတင်ဖြစ်ဘူးရယ်။
အခုမှ အကို့ comment ကို မြင်တယ်။ ကျတော်က steem ကို ph. နဲ့  သုံးတာ များတော့ noti က မတတ်တော့ မမြင်လိုက်ရဘူး။
ကျေးဇူးပါ အကို henry.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64118.79
ETH 3390.14
USDT 1.00
SBD 2.51