E sport (Chapter 1)

in #myanmar4 years ago

t5n9axz4v5.jpg

ငယ်ငယ်တုန်းက ဂိမ်းဆော့လျှင် အဆူခံ အပြောခံ ရ၏။ တခါတလေဆို အရိုက်ပါ ခံရ၏။ ခုချိန်ထိလည်း အဆူ၊ အပြောတော့ ခံရသေး၏။ အရိုက်တော့ မခံရတော့ပေ။ ဂိမ်းဆော့နေလျှင် ဂိမ်းချည်း ဆော့နေတာပဲဟု အမေ ပြောလေ့ ရှိ၏။ အမေ ပြောရအောင်လည်း ကျနော်က အားတိုင်း ဆော့နေခြင်းတော့ မဟုတ်ပေ။ အားချိန် အနည်းငယ်လေးမှာ ဆော့ကစားခြင်း ဖြစ်၏။ သို့ပေမယ့် ဂိမ်းကစားခြင်းသည် မကောင်းဟု လက်ခံယူဆထားသည့် အမေ့အတွက် ကျနော် ဂိမ်းကစားခြင်းက မနှစ်သက်စရာ တခုပင်။

ဂိမ်းဆော့သည် ဆိုပေမယ့် ထမင်းမေ့ ဟင်းမေ့ ဆော့ကစားခြင်းမျိုး မဟုတ်ပေ။ အအိပ် အစား မပျက်ဘဲ ဆော့ကစားခြင်းမျိုး ဖြစ်၏။ ထို့ပြင် သရဲ ဘီလူးစီးသလိုမျိုးလည်း ဆော့ကစားနေခြင်း မဟုတ်ပေ။ အားလပ်ချိန်မှာ အပန်းဖြေသည့် သဘောမျိုး ဆော့ကစားခြင်းသာ ဖြစ်၏။ ယခင်တုန်းက play station Game စက်များနှင့် အစဉ်အဆက် ဆော့ကစား ဖြစ်ခဲ့ပေမယ့် ယခုနောက်ပိုင်းမှာတော့ သိပ်မဆော့ ဖြစ်တော့ပေ။ phone ထဲမှာပင် အပန်းဖြေရုံလောက်လည်း ဆော့လို့ ရလာပြီကိုး။ မည်သို့ပင် ဆိုစေ ကျနော် ကိုယ်တိုင်က ဂိမ်းတွေကို စွဲစွဲလန်းလန်းကြီး မဆော့တတ်၊ မဆော့ဖြစ်တာလည်း ပါ၏။

pn9cir6e2h.jpg

Phone game တွေထဲမှာ ဘောလုံးဂိမ်း တခု၊ တမျိုးထဲကိုသာ ဆော့ကစားဖြစ်၏။ ကိုယ်တိုင် ကန်သည့် ဂိမ်းမျိုး (သို့မဟုတ်) မန်နေဂျာ ပုံစံ ဂိမ်းမျိုးတွေပေါ့။ ဒါလည်း စွဲစွဲမြဲမြဲကြီး မဆော့ ဖြစ်ပေ။ အားချိန်လေး ကောက်ဆော့တာလောက်ပင် ရှိ၏။ သို့ပေမယ့် ယခုတလော နည်းနည်း စွဲပြီး ဆော့ ဖြစ်နေသည့် ဂိမ်း အမျိုးအစား တခု ရှိ၏။ အခြား မဟုတ် Mobile Legend ဖြစ်၏။ (ထိုဂိမ်း ဆော့ ဖြစ်သွားသည့် အကြောင်းကို ပိုစ့်တင်ထားဖူး၏) ဘာရယ် မဟုတ် ဒီအတိုင်း ပျင်းလို့ ဆော့ရင်းနှင့် ဆက်ကစား ဖြစ်သွားခြင်း ဖြစ်၏။ ဘယ်လောက်တောင် ဆော့ ဖြစ်သွားလဲဆိုရင် ကျနော့်အရင်ဆော့ကစားနေသည့် သူငယ်ချင်းအချို့ထက်ပင် level မြင့်နေပြီ ဖြစ်၏။

ကျနော်ကား မဆော့လျှင်လည်း မဆော့ ဆော့ပြီဆိုလျှင်လည်း ထိုသို့ပင်။ ဒီလောက်ဆော့နေတော မင်း လက်ရွေးစဉ် လုပ်မလို့လား ဆိုပြီး မေးစရာ ရှိ၏။ ဒီအသက်အရွယ်ကြီး ရောက်မှတော့ လက်ရွေးစဉ် လုပ်ဖို့၊ ဖြစ်ဖို့က လွယ်သည့် ကိစ္စ မဟုတ်ပေ။ ဟိုးအရင် ကတည်းက ဆော့ကစားလာသည့် လူငယ်များကို ကျနော် ကျော်နိုင်ဖို့က မလွယ်ပေ။ ထို့ပြင် ကိုယ်တိုင်ကလည်း ထိုအဆင့်ထိ မရည်ရွယ်ထားပေ။ ဒီအတိုင်း ပျော်လို့ ဆော့ကစားနေရင်းက ပိုပြီး အားစိုက် ကစားမိသွားခြင်းလောက်သာ။

ဂိမ်းဆိုလို့ ယခု နောက်ပိုင်း ပြောင်းလဲလာသည့် ပုံစံများ အရ၊ အချို့ ဂိမ်းများသည်ပင် အားကစား အဖြစ်သတ်မှတ်ခံလာရ၏။ အပြင်မှာ ကိုယ်တိုင် လုပ်ဆောင်ရသည့် အားကစားမျိုး မဟုတ်ပေမယ့် အားကစား အဖြစ်သတ်မှတ်ပြီး ပြိုင်ပွဲများ လုပ်ဆောင်လာပြီ ဖြစ်၏။ Esport (electronic sprot) ဆိုပြီး နာမည် ပေးထား၏။ ယခင်က ဂိမ်းကို အားကစား အဖြစ်မည်သူကမှ မသတ်မှတ်ပေ။ ဂိမ်းကိုပဲ အလွန်အကျွံ ဆော့ကစားနေပါက အပြောခံ အဆူခံ ရနိုင်သေး၏။ ယခု ပြောင်းလဲ လာသည့် အခြေအနေများကြောင့် သူတို့ကို ပြောဆို ဆူငေါက်ဖို့ အနည်းငယ် သတိထားလာရ၏။ တော်နေကြာ နိုင်ငံလက်ရွေးစဉ်တွေ ဘာတွေ ဖြစ်လာပြီး မိမိ ကို တွေ့လားဆိုပြီး လက်မ ပြန်ထောင်ပြ နေပေဦးမည်။

ဆက်ပါဦးမည်

Don Jaun

MSC 31

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 57030.30
ETH 2858.42
USDT 1.00
SBD 3.62