တို့များငယ်ငယ်တုန်းက
#တို့များငယ်ငယ်တုန်းက
wifi မရှိတဲ့ကလေးဘဝ
တို့များငယ်ငယ်တုန်းက။
တို့များငယ်ငယ်တုန်းက
လက်ကိုင်ဖုန်းမရှိဘူး
ကွန်ပျူတာမရှိဘူး
အင်တာနက်မရှိဘူး
ဒါတောင် တို့တတွေ ပျော်ရွှင်ခဲ့ကြတယ်။
တို့များငယ်ငယ်တုန်းက
သရေကြိုးခုန်တယ်
ကောင်မလေးတွေရဲ့ အကြိုက်ပေါ့။
ကျောင်းဆင်းပြီဆိုတာနဲ့
လွင်ပြင်လွှတ်လိုက်တဲ့ မြင်းရိုင်းလို
နေဝင်မိုးချုပ်တဲ့အထိ အိမ်မပြန်ချင်စတမ်း ခုန်တော့တာပဲ။
တို့များငယ်ငယ်တုန်းက
သူငယ်ချင်းတွေနဲ့ ဝိုင်းစုထိုင်ပြီး
ကျောက်လည်း ခုတ်ကြတာပေါ့။
ကျောက်တစ်လုံးကို အပေါ်ပစ်တင်တော့
မျက်လုံးနဲ့ လည်ပင်းကပါ
အပေါ်ကိုမော့ကြတယ်
၁ လုံး ၂ လုံး ၃ .. ၄ လုံးနဲ့
ဟိုတစ်ပုံ ဒီတစ်ပုံ
စုပုံထားတဲ့ ကျောက်ခဲတွေကို
လက်သေးသေးနဲ့ ဆယ်ယူခဲ့ကြတယ်။
တို့များငယ်ငယ်တုန်းက
မြေပြင်ပေါ်ဆွဲခြစ်ထားတဲ့ အိမ်ပုံစံကို
ခြေတစ်ချောင်း ခြေအစုံနဲ့ ထော့နင့်ထော့နင့်ခုန်ပြီး
ပစ်ချထားတဲ့ ကျောက်ပြားကိုလိုက်ကောက်တာ
ဘယ်လောက်ဆော့ဆော့ မမောတတ်ခဲ့ဘူး။
တို့များငယ်ငယ်တုန်းက
ဂေါ်လီလည်း ပစ်ခဲ့ကြတာပေါ့။
ကောင်လေးတွေရဲ့အကြိုက်ဆိုပေမယ့်
ကောင်မလေးတချို့လည်း ပစ်ကြတာပဲ။
ဖန်ဂေါ်လီတွေ အချင်းချင်းတိုက်လို့
ထမင်းစားဖို့တောင် အကြိမ်ကြိမ်မေ့ခဲ့တယ်။
တို့များငယ်ငယ်တုန်းက
ဖန် အမြဲခုန်ခဲ့ကြတယ်။
ခြေဖဝါးတစ်ခုပေါ် ခြေဖဝါးဆင့်
ခြေဖဝါးပေါ် လက်ဖဝါးဆင့်
ကဲ... ခုန်နိုင်သမျှ မြင့်မြင့်ခုန်စမ်း
စားကောင်း အိပ်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။
တို့များငယ်ငယ်တုန်းက
ရွှေစွန်ညိုလည်း ဝဲရဲ့
ထုပ်စည်းလည်း ထိုးရဲ့
တူးတူးလည်း ပုန်းရဲ့
ကျောက်ရုပ်လည်း ဖြစ်ခဲ့ဖူးရဲ့
သရေကွင်းလည်း ပစ်ရဲ့
သီချင်းစာသားတွေလည်း ကူးလို့
အော်တိုတွေလည်း ရေးလို့
ငါးတွေလည်း မျှား
သစ်ပင်ပေါ်လည်း တက်ကြ
ရွှေသွေး တေဇ မိုးသောက်ပန်းတွေနဲ့
ထမင်းမေ့ဟင်းမေ့ စိတ်ဝင်တစား
ငယ်ပေါင်းတွေနဲ့ တူတူဖတ်ခဲ့ကြတယ်။
တို့များငယ်ငယ်တုန်းက
ကွန်ပျူတာမရှိဘူး wifi မရှိဘူး။
ကျောင်းလွယ်အိတ်လည်း
အဲလောက်ကြီးမလေးဘူး။
အဖြူအမည်း တီဗီရှေ့မှာ
သူငယ်ချင်းတွေ
ဝိုင်းတိုးကြိတ်ထိုင်ခဲ့ကြဖူးတယ်။
တို့များငယ်ငယ်တုန်းက
ရေခဲသေတ္တာ ဘယ်ဆီနေလဲ မသိဘူး။
ပူပြင်းတဲ့ နွေနေပူပူအောက်မှာ
တစ်မတ်တန် ဓားလှီးရေခဲချောင်းလေးစုပ်
အပူတွေ ထုတ်ခဲ့ဖူးတယ်။
တို့များငယ်ငယ်တုန်းက
ကားဆို ဝေးဝေးတစ်စီးပေါ့
ဆိုင်ကယ်ဆို မမြင်သလောက်ပဲ။
စက်ဘီးစုတ်လေးပေါ် သုံးလေးယောက်လောက်တက်ထိုင်
တစ်ယောက်က တွန်း တစ်ယောက်က လိုက်နဲ့
လမ်းမပေါ်မှာ ငါတို့ရယ်သံတွေ ပြည့်လျှံခဲ့ဖူးတယ်။
တို့များငယ်ငယ်တုန်းက
ပိုက်ဆံမရှိဘူး
ကြိုးတစ်ချောင်းနဲ့ ကျောက်ခဲတစ်ပုံနဲ့
သရေကွင်းတစ်စည်းနဲ့
ဂေါ်လီတစ်အိတ်နဲ့
ဂွလေးတစ်ချောင်းနဲ့လည်း
ပျော်ရွှင်ခဲ့ကြတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက
ငါတို့ဘာမှမရှိခဲ့ဘူး
တောတောင်အနှံ့လျှောက်ပြေးရလည်း
မောပန်းတယ်လို့ ငါတို့မထင်ခဲ့ဘူး။
ငါတို့မှတ်ထားတဲ့အရာမှာ ပျော်ရွှင်ခြင်းတွေသာများခဲ့တယ်။
ခုခေတ်ကလေးတွေမှာ
လူတိုင်းလက်ထဲ ipad တစ်လုံးနဲ့
ဖုန်းဆိုလည်း ငါတို့ထက် ကလိတတ်တယ်။
ဒါပေမယ့် သူတို့မှာ ကလေးဘဝမရှိသလို
ရယ်သံတွေလည်း နည်းခဲ့တယ်။
ငါတို့ရဲ့ငယ်ဘဝက
ကံကောင်းတဲ့ဘဝတစ်ခုပေါ့။
စစ်မှန်တဲ့ကလေးဘဝနဲ့
ပျော်စရာအားလုံးကို ပိုင်ဆိုင်ခဲ့ဖူးတယ်။
တို့များ ငယ်ငယ်တုန်းက.........


successful friends, let's exchange vout by way of mutual visit to our blog each @zuhrafriska