မိုးကောင်းတဲ့ဆောင်းည
ဟောဒီညမှာ အေးလွန်းလို့ အိပ်မနေနိုင်ခဲ့ဘူး မျှော်လင့်ချက်တွေကို မီးထိုးရင်း ကောင်းကင်ကြီး တောက်ပမယ့် ရွှေရောင်နေ့ရက်
ငါတို့စောင့်နေတယ် တစ်နေ့တစ်ချိန်ဆိုတဲ့ မသေချာ မရေရာခြင်းတွေ မျက်ကွယ်ပြုရင်း အချိန်တွေကို အကုန်မြန်စေခဲ့တယ်
ဆုံးရှုံးမှု တဒင်္ဂတွေက မရေမတွက်နိုင်လည်း ငါတို့အသည်း ကျောက်သားထက် မာကျောခဲ့ပြီ
သေဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေ အတိတ်မှာကျန်နေခဲ့ပေမယ့် မျှော်လင့်နေတဲ့ နေ့ရက်မှာ သူတို့အရောက်ပြန်လာကြလိမ့်မယ်
ညတွေ နေ့တွေ အိပ်ပျက်ရက်တွေ ထပ်လို့ စီထားတဲ့ ခပ်နွမ်းနွမ်း အမှတ်တရတွေ လွှင်မပြစ်ရက်နိုင်သေး
တစ်စုံတစ်ရာ ဆိုတာထက် ကြီးမားတဲ့ အောင်မြင်မှု အိပ်မက်က လောဘတွေကို အသက်သွင်းခဲ့ပြီ
တစ်ဖက်ကမ်းအရောက်သွားနိုင်ဖို့ တွယ်တာမှု တစ်ချို့ကို နှုတ်ဆက်ခဲ့ရတယ် အမည်ဆိုးစားရင်းကလွတ်မြောက်နိုင်ဖို့ အချိန်တွေက ချေဖျက်
ပေးနိုင်ခဲ့မှာပါ ငါတို့သွားတဲ့ ခရီးလမ်းကြောင်းမတူညီခဲ့ပေမယ့် ခရီးပန်းတိုင်တော့ တူညီခဲ့ကြတယ်
သွားနည်းသွားဟန်မတူညီတော့ ခရီးရောက်ခြင်းမရောက်ခြင်း တိုင်းတာစရာမဖြစ်သင့်တော့ပါလား
အိုဟောင်းသွားတဲ့ အတိတ်တွေကို တစ်ခါပြန်ပြီး မလိုချင်တော့ပါ ကလေးငယ်တစ်ယောက်လို ပြန်ပြီး မတမ်းတတက်အောင်
ရင့်ကျက်ခြင်းဝတ်ရုံနဲ့ လွှမ်းခြုံလို့ ခရီးဆက်
အေးစက်စက်ဆောင်းညမှ ဆောင်းပီသတဲ့ အေးချမ်းမှု ငါတို့ မရခဲ့ဘူး ဒါကြောင့် အလည်လာတဲ့ မိုးကိုတော့ သူစိမ်းတစ်ယောက်လို
ခပ်ခွါခွါနေလိုက်ချင်ပါတယ်
ဟောဒီညမှာ ပြောင်းလဲခြင်းတွေ ယူဆောင်မလာနိုင်သေးဘူး