YBSကျိန်စာ (တတိယပိုင်း)
“YBSကျိန်စာ”
(တတိယပိုင်း)
=======

ပါးစပ်ကိုအပ်ချည်များနှင့်ချုပ်ထားသော ဘုန်းကြီးတစ္ဆေက ဦီးဝီရရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်လို့လာနေသည်။ တစ်ကိုယ်လုံးသွေးများပေကျံနေသော ပျက်ကျထားသယောင်ရှိသည့် ကလေးသရဲလေးက ဘုန်းကြီးတစ္ဆေကိုမြင်မိတော့ ရုတ်တရက်ငိုသံတိတ်သွားသည်။
YBS ဒရိုင်ဘာကလည်း ကားကိုစထွက်လိုက်ပြီဖြစ်ပြီး ကလေးငိုသံလည်းတိတ်သွားသောကြောင့် ကားပေါ်မှာ ကားမောင်းသံမှအပ အရာအားလုံးက မီးပျက်သလိုငြိမ်ကျသွားသည်။ ဘေးပတ်ဝန်းကျင်မှာတော့ ပြည်လမ်းရဲ့ မီးရောင်များကြောင့် ခြောက်ခြားဖွယ်ရာတော့ သိပ်မကောင်းလှ။
ဦးဝီရက ဘုန်းကြီးအကြောင်းကိုခဏသာ စဉ်းစားမိပြီး ကားမှန်ပြူတင်းမှတစ်ဆင့်အပြင်သို့ကြည့်လိုက်သည်။ ကားသည် မြေနီကုန်းခုံးကျော်ကိုတရိပ်ရိပ်ဖြတ်သန်းနေပြီး ခုံးကျော်ပေါ်မှာတော့ ဘာသရဲတစ္ဆေမှ မတွေ့မိသော်လည်း ဒဂုံစင်တာ(၁) အရှေ့ရှိ သစ်ပင်တစ်ခုပေါ်တွင်တော့ သရဲမိသားစု အစုလိုက်အပြုံလိုက် သစ်ပင်ပေါ်မှာ ကျပ်သိပ်စွာနေနေရ သည်ကိုတွေ့လိုက်သည်။
ဦးဝီရက ရုတ်တရက် သတိဝင်လာပြီးဘေးကိုကြည့်လိုက်တော့မှ ဘုန်းကြီးက သူ့ဘေးမှာလာထိုင်နေသည်ကို သတိထားမိလိုက်သည်။ ဘုန်းကြီးကသူ့ရဲ့ ဒဏ်ရာရနေတဲ့လက်ကို စိုက်ကြည့်နေပြီး ဘုန်းကြီးရဲ့မျက်လုံးတွေကို အကဲခတ် ကြည့်မိသလောက်တော့ သူ့ကိုမှတ်မိဟန်မတူ။ သို့သော် ဘုန်းကြီးကတော့ သူ့လက်မှ ဒဏ်ရာကြီးကို မျက်စိတဝင်းဝင်းနှင့် ပင်ကြည့်နေမိသည်။ ဦးဝီရက -
“ဘာကိစ္စပါလဲ အရှင်ဘုရား”
ဟုပြောရင်းနှင့် သူ၏လက်နှစ်ဖက်ကိုကပ်ကာ လက်အုပ်ချီရန်ကြိုးစားမိသည်။ ပရလောကသားတစ်ယောက်ကို လက်အုပ်ချီဖို့ကြိုးစားနေ၍လား သူ၏လက်မှာ ဒဏ်ရာပြင်းစွာရထားခြင်းကြောင့်ပဲလားတော့မသိ။ ဦးဝီရအနေနဲ့ လက်အုပ်ကိုကောင်းစွာချီ၍ မရခဲ့ပါ။
ဘုန်းကြီးက သူ၏သပိတ်နှင့် ဦးဝီရရဲ့လက်က ဒဏ်ရာကို တို့လိုက်ပြီး ချုပ်ထားသောပါးစပ်အတွင်းမှ -
“အား . .ဝါး . . အား . .ဝါး”
ဆိုသောအသံပြုကာ သပိတ်ကိုမေးငေါ့ပြလိုက် မျက်လုံးက ဒဏ်ရာရှိသွေးများကို သေချာကြည့်လိုက်နှင့်လုပ် နေသည်။ ဦးဝီရက ဘုန်းတော်ကြီးတက်လာစဉ်က သပိတ်ထဲမှ သွေးများသွန်ချလိုက်သည်ကို သတိရလိုက်မိပြီး သူ၏လက်က ဒဏ်ရာကိုစည်းထားသော အဝတ်စကိုဖြည်းဖြည်းချင်းဖြည်လိုက်သည်။
“အား . . ကျွတ်ကျွတ် . .”
လက်မှာအလွန်နာလာသောကြောင့် အနည်းငယ်တော့ညည်းတွားမိသည်။ သွေးမှာ အစကလောက် မများတော့ ပေမယ့် သွေးတို့ကတော့ နက်ရှိုင်းလှသော ဒဏ်ရာဒဏ်ချက်များထဲမှ တအိအိနှင့်ပင် စိမ့်ထွက်နေဆဲပင်ဖြစ်သည်။ ဦးဝီရကတော့ သပိတ်အဖုံးကို ရိုသေစွာဖြင့်ဖွင့်လိုက်ကာ သပိတ်တွင်းသို့ သွေးများကို ထည့်နေမိလေသည်။ သပိတ်အတွင်းသို့ တစက်စက်ကျနေသော သွေးများကိုကြည့်ကာ ဘုန်းကြီးသရဲ၏မျက်နှာမှာ ကျေနပ်မှုရှိနေသော အရိပ်အယောင်များကိုတွေ့ရသလို ပြည်လမ်းတစ်လျှောက်မီးရောင်တွေရဲ့ အောက်မှာသေချာကြည့်မိတော့ ဘုန်းကြီးရဲ့ သင်္ကန်းက သင်္ကန်းရောင်မပေါက်တော့ဘဲ အညိုရောင်မှ အနက်ရောင်သို့ ကူးပြောင်းတော့သယောင်ပုံစံမျိုးကိုတွေ့ နေရသည်။
သွေးများ များပြားလာလေလေ ဘုန်းကြီး၏မျက်နှာမှာ ပိုမိုပျော်ရွှင်လာလေလေဖြစ်ပြီး ဘုန်းကြီး၏ ချုပ်ထားသော ပါးစပ်မှလည်း အသံသြသြကြီးဖြင့် -
“အာာာာ . . ဝူ . . . . အာ . . . ဝူ . . . . အာ . . ဝူ”
ဆိုသော သံရှည်ဆွဲသောအသံကြီးဖြင့် အော်လာသည်ကိုတွေ့လိုက်ရသလို ဘုန်းကြီးသရဲ၏အသားများမှာလည်း တစ်ဆတ်ဆတ်တုန်လာနေပြီး ရွဲကျနေသောပါးပြင်တစ်ခုလုံးက တဆတ်ဆတ်နှင့်တုန်နေသည်ကို သတိထားမိပြန်သည်။
“အာာာ . .ဝူ . . .အာာာ . . ဝူ . . . အာာာ . . ဝူ”
ဆိုသောအသံများသည် တစ်ဖြည်းဖြည်းနှင့်ကျယ်လောင်လာကာ YBS ကားတစ်ခုလုံးကိုလွှမ်းခြုံလာသည်။ YBS ယာဉ်မောင်းသူကတော့ နားညီးသဖြင့် စိတ်မရှည်လှသော သဘောဖြင့် စတီယာရင်ကို လက်နဲ့ ဒုံးခနဲတစ်ချက်ထုလိုက်သည်။ သို့သော် “အာာာ . .ဝူ” ဆိုသော အသံကရပ်တန့်မသွား . .။ အသံကတဖြည်းဖြည်းနှင့် ကျယ်လောင်လာပြန်တော့လေသည်။
ကလေးသရဲလေးကတော့ ဘုန်းကြီးသရဲကိုကြည့်ကာ ကြောက်ရွံ့ဟန်ဖြင့် “ငီး” ဟု ငယ်သံလေးနှင့်တစ်ချက်အသံပြု ပြီး မျက်လုံးအပြူးသားလေးနှင့်ကြောက်ရွံ့စွာကြည့်နေသည်။
ဘုန်းကြီး၏ပါးများမှာ တုန်မြဲထက်တဖြည်းဖြည်းနှင့်ပိုမိုကာ တဆတ်ဆတ်နှင့်တုန်ခါလာပြီးနောက် သူ၏လက်ကြီးကို သွေးများဖြည့်ထားသော သပိတ်ကြီးထဲသို့နှိုက်လိုက်ကာ သွေးများပေကျံလာသော လက်ချောင်းများကို ချုပ်ထားသော ပါးစပ်ထဲသို့ အတင်းထိုးထည့်ပြီး သွေးများကိုသောက်သုံးလေတော့သည်။
စကားများမှာ “အာဝူး . .” ဆိုသောစကားများမှ “ဝူး” ဆိုသော စကားသံအဖြစ်ပြောင်းသွားပြီး အလွန်အငမ်းမရသည့် ပုံစံမျိုးနှင့် သွေးများပေကျံနေသော လက်ချောင်းများကို သူ၏ နှုတ်ခမ်းချုပ်ထားသော အပ်ချုပ်ရာများအတွင်း သို့မရမက သွင်းကာ ပါးစပ်ကိုလည်းဖြဲကြည့်နေသည်။
ပါးစပ်မှာ ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဟလာပြီး ချုပ်ရိုးတို့ကို အတိုင်းသားမြင်လာရသည်။ ဟလာသောကြောင့် တင်းမာလာသော ချုပ်ကြိုးသည် အထက်အောက်နှုတ်ခမ်းနှစ်ခုလုံးကို စုတ်ပြတ်သတ်သွားအောင် ဆွဲဖျက်ဆုတ်ဖြဲ ပစ်တော့မည့်ပုံပေါက်နေကာ နှုတ်ခမ်းသားများမှာလည်း တွယ်ချိတ်အတွင်းမှ ဖြည်းဖြည်းချင်းအားနှင့်ဆွဲဖြုတ်ခံရသော အသားစများအလား ချုပ်ရိုးကြောင်းအတိုင်း ထော်ကာထွက်လာပြီး အချို့နေရာများမှာ ချုပ်ရိုးစတွေက တဗြုတ်ဗြုတ်နှင့် ပြုတ်ကုန်သည်။ ချုပ်ရိုးစများပြုတ်သွားသောနေရာများတွင် နှုတ်ခမ်းသည် ပုံမှန်မရှိတော့ဘဲ အသားဖတ်များအဖြစ်သို့သာ တဗြန်းဗြန်းကွဲထွက်ကုန်တော့သည်။
ထိုသို့ကွဲထွက်နေသည့်ကြားမှ သပိတ်ထဲမှသွေးများကိုသောက်သုံးရင်း “ဝူး” ဆိုသော အသံမှသည် “ဝူး . .အား” ဆိုသောအသံသို့ပင်ပြောင်းလဲသွားခဲ့သည်။ ချုပ်ရိုးများက တဗတ်ဗတ်နှင့်ပြုတ်နေသလို နှုတ်ခမ်းစများကလည်း ချုပ်ရိုးအရာများအတိုင်း ကွဲထွက်လျက်ရှိကာ ဦးဝီရကတော့ အလန့်တကြားနှင့် -
“အရှင်ဘုရား . .အရှင်ဘုရား”
ဟုပြောနေမိသည်။ ထို့နောက်မှာတော့ ကြည့်ရင်းကြည့်ရင်းနှင့် သူ့လက်ကသွေးတွေနဲ့ ဘေးက ဘုန်းကြီးသရဲ ဘာဆက်ဖြစ်မလဲ မတွေးဝံ့မိတာမို့ လက်ကိုတော့ အဝတ်စများနှင့်ပြန်လည်စည်းနှောင်ထားလိုက်သည်။ အပြင်ဘက်ကိုကြည့်လိုက်တော့ YBS ကားသည် ဟံသာဝတီအဝိုင်းကိုကျော်နေသည်ကိုတွေ့ရသည်။ မြန်မာ့အသံဝင်းထဲကို ကြည့်လိုက်တော့ ဝင်းထဲမှာကော ပလက်ဖောင်းမှာပါ ပရလောကသားများ အလွန်များပြားစွာရှိနေသည်ကိုတွေ့ရပြီး ပလက်ဖောင်းပေါ်တွင်တော့ အက်ဆီးဒင့်ဖြစ်ပြီး သေထားသည်ဟုယူဆရသောသူများက ပလက်ဖောင်းမှာ တွန့်လိမ်ကောက်ကွေးလျက် အသက်ငင်နေသည့်ပုံစံတွေလုပ်ပြသူကလုပ်ပြ လက်နှင့် လမ်းပလက်ဖောင်းကိုကုပ်ခြစ်ပြီး လမ်းမကြီးပေါ်ကိုဖြည်းဖြည်းသွားသူက သွားကြနှင့် ဖြစ်နေသည်။ အချို့သော ဝိညာဉ်များက လမ်းမပေါ်သို့ရောက်သွား ကြပြီး ညဘက်တစ်ခါတစ်ရံ ဖြတ်သန်းသွားလာကြသောကားများက သူတို့ကို တက်ကြိတ်သွားကြရာ ပလက်ဖောင်းပေါ် ပြန်လွင့်စင်လိုက် ကုပ်ခြစ်ပြီးလမ်းမပေါ်တက်ကာ ကားတိုက်ခံလိုက်နှင့်လုပ်နေကြသည်။
“အား .. အင်းး . . အွန်း . .”
စသဖြင့် ညည်းတွားသံများသည်လည်း အလွန်ကျယ်လောင်လွန်းလှသောကြောင့် တစ်ခါတစ်ရံတွင် ကားအင်ဂျင်သံကိုပင် လွှမ်းခြုံသွားကြသည်။ အဝိုင်းကို ပြည်လမ်းမှတစ်လျှောက်ပတ်လာတော့ ဟိုးဘက် ဟံသာဝတီလမ်းတစ်နေရာမှာတော့ မိမိအမည်နှင့်အသက်ရေးထားသော သင်္ချိုင်းမှ သစ်သားမှတ်တိုင်ကိုကိုင်ကာ အမှောင်ထဲမှ ဒယိမ်းဒယိုင်လမ်းလျှောက်နေသော ဖြူလျလျသဏ္ဍာန်များကိုလည်း သူတွေ့နေရသည်။
အချို့သရဲများ၏အသံက လူဟောက်သံနှင့်ပင်တူနေသောကြောင့် တစ်ခါတစ်ရံ ကြားရသောအသံများကို လူဟောက်သံလား သရဲသံလားခွဲခြားတတ်ရမည်ဟုပင်ကောက်ချက်ချမိသည်။
ဦးဝီရ၏လက်ကို အေးစက်စက်အထိအတွေ့တစ်ခုက လာထိတွေ့နေသဖြင့် လက်က အင့်ခနဲတွန့်သွားပြီး သေချာကြည့်လိုက်တော့ ဘုန်းကြီးက သူ့လက်က ပြန်ပတ်ထားတဲ့ အဝတ်စကိုဖြည်ရန်ကြိုးစားနေသည်ကိုတွေ့ရသည်။
“အ . .အရှင်ဘုရား . . တပည့် . .တပည့်တော်ကိုမ . . မလုပ်ပါနဲ့အရှင်ဘုရား . . . တပည့်တော် ဘုန်းဘုန်းဆီမှာ ငယ် . . ငယ်စဉ်က မကြာ . မကြာဆွမ်းချိုင့်လာပို့ဖူးပါတယ် . . ဘုရား . .”
အနာကြောင့်ကော ကြောက်လန့်လွန်း၍ကြောင့်ပါ ဦးဝီရရဲ့လက်က တဆတ်ဆတ်ပင်တုန်နေလျက်ရှိပြီး ကြောက်လန့်တကြားပင်ဘုန်းကြီးသရဲကို ပြောမိသည်။ ဘုန်းကြီးသရဲက ချုပ်ရိုးပြေထားပြီး အဖတ်အဖတ်များနှင့် လန်နေပြီး နှုတ်ခမ်းသားများ အတစ်လိုက် ချုပ်ရိုးလိုက်ရွဲပြဲနေသော သူ့နှုတ်ခမ်းကို ဖြည်းဖြည်းချင်းဟရန်ကြိုးစားရင်း စကားပြောမိသည်။
“မာ . . .မာ . .”
ငါ . . ငါ ဟုပြောလိုက်သော်လည်း နှုတ်ခမ်းချင်းမှာ အလွန်နီးကပ်နေသောကြောင့် ဘုန်းကြီးရဲ့ အသံတို့က “မာ . မာ” ဟုသာထွက်နေကြသည်။
“မာ . . . .မာ . . မ . .န . . နာ . .အားး . .ငါ”
နောက်ဆုံးမှာတော့ နှုတ်ခမ်းချုပ်ရိုးများ အားလုံးပြုတ်ထွက်သွားပြီး စကားအနည်းငယ်ပီသစွာထွက်လာသည်။

“ငါ . .မင်း . . မင်းရဲ့ . . .အကူညီ . . လို . . . အပ် . .တယ်းးး”
ရင်ခေါင်းသံကြီးဖြင့် ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဘုန်းကြီး၏ညာဘက်လက်က ဦးဝီရဒဏ်ရာရဲ့ အဝတ်စကို ကိုင်ထားပြီး ဘယ်လက်ကတော့ ဦးဝီရဇက်ပိုးကို ကိုင်ထားလေသည်။ ထိုအခိုက် ကားရပ်သွား၍ သူတို့နှစ်ဦးလုံး ပတ်ဝန်းကျင်ဆီကြည့်လိုက်တော့ စိုက်ပျိုးရေးမှတ်တိုင်ကိုရောက်နေသည်ကို သတိထားမိလိုက်ရာ မည်သူများလာမည်နည်းဟု ဦးဝီရနည်းနည်းစူးစမ်းကြည့်တော့ Junction Square အတွင်းထဲမှာ လူတစ်ဦးလမ်းလျှောက် လာသည်ကိုတွေ့ရသည်။ ထိုသူ၏ ပါးစပ်မှာတော့ အမြှုပ်တစီစီနှင့်ဖြစ်နေပြီး သူ့မျက်နှာကိုအမြဲပေါ်မှာမော့ထားသည်။
အသားကဖြူသယောင်နှင့် နီရဲသောဆံပင်ကိုပိုင်ဆိုင်ထားပြီး ခန့်ညားသည့်ရုပ်ရည်နှင့် ခေတ်လူငယ်တစ်ဦး၏ သွင်ပြင်ကို ပါးစပ်ထဲက အမြှုပ်တစီစီထွက်နေသည့်ကြားထဲမှပင် ခန့်မှန်းသိရှိရနိုင်သည်။ ထိုသူသည် အဝေးမှ လမ်းလျှောက်လာနေရင်းနှင့်ပင် ကားပေါ်မှ ဦးဝီရကို နာကျည်းသောမျက်လုံးများနှင့် သေချာစိုက်ကြည့်နေသည်ကို သတိထားမိလေသည်။
ဦးဝီရကတော့ မျက်နှာကို လွှဲလိုက်ကာ ဘုန်းကြီးကိုတစ်ချက်ကြည့်လိုက်၊ ဟိုးအရှေ့မှာ ဝိုးတဝါးလှမ်းမြင်နေရသော လှည်းတန်းခုံးကျော်ကြီးကိုလှမ်းကြည့်လိုက်၊ သူ့ကိုနာကျည်းသောမျက်လုံးများနှင့်ကြည့်နေသော အမြှုပ်တစီစီနှင့်လူ၊ နောက်ပြီး ကားပေါ်မှ ကလေးသရဲ ဒါတွေကို တစ်ခုချင်းစီပြန်ကြည့်နေမိလေသည်။
နောက်တစ်မှတ်တိုင်ဆိုလျှင် သတ်မှတ်ထားသည့်အတိုင်း လှည်းတန်းသို့ပင်ရောက်တော့မည်ဖြစ်သည်။ ဒါပေမယ့်လည်း ဦးဝီရတစ်ယောက် သူမြင်နေရတဲ့အရာတွေနဲ့ပတ်သတ်ပြီး ဘာကိုမှဇာတ်ရည်မလည်နိုင်သေး။ ပြည့်တန်ဆာသရဲ၊ ကလေးသရဲ၊ ဘုန်းကြီးသရဲနှင့် ယခုလည်း အမြှုပ်များထွက်နေသောသရဲ ဒါတွေက သူနှင့် ဘယ်လိုဆက်စပ်နေသည်လဲ . . နောက်ပြီး သူကကော .ဘာလဲ . .။ Satan ကကော မည်သည့်ရည်ရွယ်ချက်ကြောင့် ယခုလို 666 YBS ကားကို စီးခိုင်းသလဲဆိုသော ပဟေဠိပေါင်းများစွာနှင့်စဉ်းစားနေမိပါတော့သည်။

ထိုအခိုက်တွင်တော့ အမြှုပ်တစီစီထွက်နေသောသူတက်လာပြီးနောက် ကားပေါ်အရောက်တွင် “အား” ခနဲတစ်ချက်အော်ကာ ကားဘီးခုသော သစ်သားတုံးကြီးနှင့် သူ့ရင်ဘတ်ကို ဘုံး ခနဲမြည်အောင် အကြိမ်ကြိမ်ထုရိုက်နေသည်။ ဘာသွေးမှထွက်လာသည်ကိုလည်းမတွေ့ရ၊ YBS ကြီးကလည်း ဆက်လက်မထွက်ခွာသေး။
ဘာသွေးမှ ထွက်မလာသော်လည်း ထိုအမြှုပ်တစီစီနှင့် သူက ဒရိုင်ဘာဘက်သို့ မော့နေသောမျက်နှာကြီးကို စောင်းလျက်လှည့်လိုက်ကာ -
“ကျွန်တော်လှည်းတန်းသွားချင်တယ် . . .လှည်းတန်း(၄)လမ်းဆီကို . .”
ဟုပြောလိုက်သည်။ သူ့အသံမှာ ဒေါသသံအနည်းငယ်ပါနေသည်ကိုတော့ ဦးဝီရသတိထားမိလိုက်သည်။ ဘုန်းကြီးကတော့ ထိုသူကို စိတ်ဝင်စားဟန်မပြဘဲ သူ့မျက်လုံးတွေအားလုံးက ဦးဝီရအပေါ်မှာသာ လွှမ်းခြုံလို့ထားသည်။ အမြှုပ်တစီစီနှင့်သူက ထပ်ပြောပြန်သည် . .။
“လှည်းတန်း ၄ လမ်းကိုသွားချင်တယ်လို့ ပြောနေတယ်လေ . .”
ဒီတစ်ခေါက်တော့ လေသံတို့က ပိုမိုကျယ်လောင်လာသည်။ ဦးဝီရအပေါ်မှာ ကြည့်နေတဲ့ ဘုန်းကြီးအကြည့်တွေက လည်း ပိုမို စူးရှလာသည်။ ဘုန်းကြီးက ဦးဝီရ ရဲ့မျက်လုံးပတ်ပတ်လည်ကို သပိတ်ထဲက သွေးများနှင့်သုတ်လိုက်ပြန်ရာ ဦးဝီရတစ်ကိုယ်လုံး ချာချာလည်အောင်မူးသွားမိသည်။ မူးနေသည်ဟုဆိုသော်လည်း အသိစိတ်အနည်းငယ်က ရှိနေသေးသည်။ ထိုအခိုက်မှာ -
“ဒုန်း ဒုန်း .ဒုန်း ဒုန်း”
ခနဲမြည်နေသော ခြေသံပြင်းပြင်းကိုကြားရ၍ ဦးဝီရကြည့်မိလိုက်တော့ အမြှုပ်တစီိစီနှင့်လူက ဦးဝီရရှိရာသို့ ဒေါသတကြီးနှင့် ဆောင့်ကြီးအောင့်ကြီး ပြေးလာနေသည်ကိုတွေ့လိုက်ရပါတော့သည်။
[To my reader:
“Curse of YBS” is a work of fiction. All the characters and events portrayed in this story are fictitious, and any resemblance to real people or events is purely coincidental.]
ဇာတ်သိမ်းပိုင်းကိုစောင့်မျှော်ဖတ်ရှုကြပါရန်
Own Feeling @ 2017 by
#ကာရှိုင်း (ကြယ်စင်ချစ်သူ)
#AuroKarshine