" မိုးမိတဲ့ အရသာ "

in #myanmar8 years ago

ယနေ့ခေတ် ကလေးသူငယ်များမှာ အစစအရာရာတွင် ကျွန်တော်တို့ခေတ်နဲ့ စာသော်ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ခေတ်ပေါ် ရုပ်ဝတ္ထု ပစ္စည်းများပေါများလာသလို အစားအသောက်အနေအထိုင် အဝတ်အစားက အစ ကျွန်တော်တို့ ငယ်စဉ်ကနဲ့ များစွာခြားနားသွားခဲ့ပြီဖြစ်ပါသည်။
SlimSecondhandBlackrhino-max-1mb.gif
Image source
ကျွန်တော် ငယ်စဉ်အခါက တောအရပ်ဒေသတွင် မွေးဖွားနေထိုင်ခဲ့ရသူဖြစ်ပြီး ကျောင်းတက်ရသည်မှာလည်း တစ်ခြားရွာကျောင်းတွင်သွား၍ တက်ခဲ့ရပါသည်။ မိဘများမှ ကျောင်းစအပ်ချိန်တစ်ခေါက်တွင်သာ ကျောင်းသို့ လိုက်ပို့ခဲ့၍ နောက်ရက်များတွင်မူ တစ်ခြားကလေးများနှင့်အတူတူ ခြေလျင်လျှောက်သာ ကျောင်းသို့ သွားခဲ့ရသည်။ ထိုအချိန်အခါက တောအရပ်ဒေသဖြစ်သလို တရုတ်ဆိုင်ကယ်များလည်း မပေါ်သေး၍ ဆိုင်ကယ်တိုက်မှာ ဘာညာ မပူရ၍ မိဘများက လိုက်မပို့ကြခြင်းလည်းဖြစ်ပေမည်။ ဆိုင်ကယ်တောင် တိုက်မှာ မပူရဘူးဆိုတော့ ကားတိုက်မိဖို့ ဆိုတာတော့ ဝေလာဝေးပေါ့လေ။ တစ်ရွာလုံးပေါင်းမှ ကားနှစ်စီးလောက်သာ ရှိပေရာ ထိုအန္တရာယ်များသည် ဖြစ်ဖို့ဝေးလှပေသည်။

ယခု ကိုယ်မိဘ နေရာတွင် ရောက်သောအခါမူ နေရသည့်နေရာကလည်း တောမဟုတ်တော့သလို ကားတွေ ဆိုင်ကယ်တွေ အလွန်ပေါများသောခေတ်ကို ရောက်နေသည်ဖြစ်ရာ KG တက်စ သားငယ်ကို ကျူ ရှင်အသွားအပြန် ကျောင်း အသွားအပြန် လိုက်ပို့ လိုက်ကြို လုပ်ရပေသည်။ အကြိုအပို့ မလုပ်လို့ကလည်း မဖြစ်ပေ။ ဆိုင်ကယ်သမားများက သောင်းကျန်းလှပေရာ မိမိသားလေးအား တိုက်မိခိုက်မိသွားမှာ စိုးရိမ်ရသောကြောင့်တည်း။
5uC1TVr.png
Image source
ထိုသို့ သားငယ်အား ကျောင်းကျူ ရှင်များသို့ ဆိုင်ကယ်ဖြင့် လိုက်ပို့လိုက်ကြို လုပ်ရာတွင် ကျွန်တော့်သားမှာ ဆိုင်ကယ်စီးရင်း သူများကို ကျော်တက်ရသည်ကို အလွန်သဘောကျသလို သူများက ကျော်တက်သည်ကို လုံးဝ မကြိုက်ပေ။ တစ်ခါတစ်လေ လမ်းရှင်းသည့် အချိန်များတွင် သူ့စိတ်တိုင်းကျ အခြားဆိုင်ကယ်များကို အမြန်မောင်း၍ ကျော်တက်ခဲ့လျှင် သဘောအကျကြီးကျနေတတ်ပေသည်။ လမ်းတအားကျပ်၍ အန္တရာယ်မဖြစ်အောင် ဖြေးဖြေးသာ မောင်းရသော အချိန်များတွင် သူများဆိုင်ကယ်များက ကျော်တက်သွားချိန်များတွင်မူ မြန်မြန်မမောင်းရကောင်းလားဟူ၍ လည်း ညှော်တတ်ပေသေးသည်။

ပြီးခဲ့သော ကျောင်းပိတ်ရက်ကမူ သားအား အကြိအပို့ လုပ်စရာမရှိ၍ မိုးညှင်းမြို့သို့ လိုအပ်တာလေးများ ဝယ်ယူရန် ဆိုင်ကယ်ဖြင့် သွားခဲ့ပါတယ်။ မိုးညှင်းမှာ ဝယ်စရာ ရှိတာဝယ် လုပ်စရာရှိတာ လုပ်ပြီး ဟိုပင်သို့ ပြန်ခဲ့ချိန်တွင် ရုတ်တစ်ရက်ဆိုသလို မိုးမှောင်ကြလာခဲ့ရာ မိုးလွတ်အောင် အရှိန်နည်းနည်းတင်၍ ဆိုင်ကယ်ကို မောင်းခဲ့ပါတယ်။ မိုးညှင်းနဲ့ ဟိုပင်မှာ ခပ်မြန်မြန်မောင်းလျှင် 45 မိနစ်ခန့်ကြာပြီး ပုံမှန်ဆိုလျှင် တစ်နာရီနည်းနည်းကျော်အောင် မောင်းရပါတယ်။

မိုးလွတ်ချင်သဖြင့် ခပ်သွက်သွက်လေး မောင်းလာခဲ့ရာ နန်းမားရွာ အထွက်နားရောက်တော့ အရှေ့မှာ ဆိုင်ကယ်တစ်စီးနဲ့ သားအဖနှစ်ယောက်ကို တွေ့ရပါတယ်။ သူတို့သည်လည်း ဟိုပင်ဘက်ကို သွားမဲ့ လက္ခဏာ ရှိပါတယ်။ သူတို့ ဆိုင်ကယ်မှာ အတော်လေး ဟောင်းနေပြီဖြစ်သည့်အလျောက် ခပ်သွက်သွက် မမောင်းပဲ ထိန်း၍ သာ မောင်းနေဟန် တူပါတယ်။ ကျွန်တော် သူတို့ဆိုင်ကယ်ကို ကျော်တက်မယ် လုပ်တဲ့အချိန်မှာ နောက်က ထိုင်လိုက်လာတဲ့ ကလေးရဲ့ မျက်လုံးကို ကြည့်လိုက်မိတော့ သူတို့ ဆိုင်ကယ်ကို ကျွန်တော်ကျော်တက်သွားမှာ စိုးရိမ်နေဟန်တူပါရဲ့။ အဲ့ဒီကလေးကလည်း အိမ်ကကျွန်တော့်သား အရွယ်သာ ရှိသေးတာပါ။
rain1.jpg
Image source
သူတို့ ဆိုင်ကယ်ကို ကျွန်တော် ကျော်တက်လာခဲ့ပြီးမှ စိတ်ကူးတစ်မျိုးပြောင်းသွားပါတယ်။ အိမ်က သားဆိုလျှင် သူ့စီးတဲ့ ဆိုင်ကယ်ကို သူများကျော်တက်တာ မကြိုက်သလို သူများကို ကျော်တက်ပြီဆိုလျှင် သဘောအကျကြီး ကျနေတတ်ပြီး " အဖေ သားတို့ ဆိုင်ကယ်ကမှ ပိုမြန်တာ နော " ဆိုပြီး ပျော်နေတတ်ပါတယ်။ အဲ့လို သူများဆိုင်ကယ်ကို ကျော်လိုက်ပြီဆိုရင်လည်း ကျွန်တော့်ကို ခါတိုင်းထက် သားက ပိုပြီးအထင်ကြီးနေတတ်ပါတယ်။

အဲဒါပြန်တွေးမိပြီး အစောက ကျော်ခဲ့တဲ့ သားအဖနှစ်ယောက်ရဲ့ ဆိုင်ကယ်ကို ပြန်စောင့်နေလိုက်ပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ ဆိုင်ကယ်နောက်က ကလေးက သူတို့ဆိုင်ကယ် ကျွန်တော့်ကို ပြန်ကျော်သွားတဲ့အခါ မျက်နာလေးက တအားကို ပျော်သွားတဲ့ပုံစံ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကျွန်တော် သူတို့ဆိုင်ကယ်ကို ကျော်ဖို့ စိတ်မကူးတော့ပဲ နောက်ကနေသာ အသာမှေးပြီး စီးခဲ့လိုက်ပါတယ်။ ကလေးလေးကတော့ နောက်ကို လှည့်ကြည့် လှည့်ကြည့်နဲ့ သူတို့ ဆိုင်ကယ်ကို ကျွန်တော်မကျော်နိုင်တော့ဘူးထင်ပြီး အပျော်ကြီး ပျော်နေရှာပါတယ်။ သူ့ပုံစံလေး ပျော်နေတာကို မြင်ရပြီး ကျွန်တော်တောင် ပျော်လာခဲ့သလိုလို ဖြစ်လာတယ်ဗျ။
IMG_20180628_103750.jpg
Image source
ခဏနေတဲ့ ထင်တဲ့အတိုင်းပဲ မိုးက သဲကြီးမဲကြီးရွာချလိုက်တာ ပစ္စည်းတွေလဲ အကုန်စိုပြီး လူလည်း ကြွက်စုတ်ဖြစ်သွားပါတယ်။ ပစ္စည်းတွေ မိုးစိုလို့ ပျက်စီးတဲ့ဟာက ပျက်စီးသွားပေမဲ့ အဲ့ဒီနေ့က ကလေးတစ်ယောက်ရဲ့ အပျော်နဲ့ လဲခဲ့ရလို့ ကျွန်တော်ကျေနပ်ပါတယ်။

ကျွန်တော်တို့တွေဟာ ကိုယ့်အသိုင်းအဝိုင်း ကိုယ့်မိသားစု ကိုယ့်သားသမီးလောက်ပဲ ဂရုစိုက် အလိုလိုက်ခဲ့ကြတာလေ။ တစ်ခါတလေ သွေးမတော် သားမစပ် ကိုယ်နဲ့မသိတဲ့ အဲ့လိုကလေးလေးတစ်ယောက်ကို လူမသိသူမသိ တမင်သက်သက်လည်း မဟုတ်ပဲ လမ်းကြုံရင်းဖြစ်ဖြစ် စိတ်ပျော်ရွှင်မှုလေး တစ်ခါလောက်ပေးလိုက်ရတာ အဲဒီကလေးတင် မကဘူး ကျွန်တော်ပါ ပျော်သလိုလို ဖြစ်သွားမိတာပါပဲ။
DanceBot-3-Med.gif
Image source
လူလည်းမိုးစို ပစ္စည်းတွေလဲ အနည်းငယ် ပျက်ခဲ့ပေမဲ့ အဲဒီနေ့က မိတဲ့မိုးကတော့ ခါတိုင်းမိုးမိတဲ့ အရသာနဲ့ မတူခဲ့တာတော့ အမှန်ပါ။

Author>>>@aungzawhtwe

MSC : 014

Sort:  

ကလေးတွေရဲ့ မိဘအပေါ်ထားတဲ့ အထင်ကြီးမှုကို လူမသိ သူမသိ ယူပေးခဲ့တဲ့ စိတ်ဓါတ်ကတော့ လေးစားစရာပါဗျာ

အမှတ်တမဲ့ပါဗျာ။ ရည်ရွယ်ချက်တော့ အစကမရှိခဲ့ပါဘူး။

ကျောင်းသားတုန်းကတော့ မိုးရွာထဲ ဆိုင်ကယ်စီးရတာ ပျော်စရာပဲ
ခုတော့ မိုးမိမှာ ကြောက်နေတတ်တယ်

အအေးမိမှာ စိုးလို့လား။

စိတ်၏လွတ်လပ်ပျော်ရွင်ခြင်း

ဟုတ်ပါတယ် လွတ်လပ်စွာ ပျော်ရွှင်ရခြင်းပါ။

အရသာဆိုတော့ ဘာအရသာလဲဗျ ချိုလားချဉ်လား ခါးလား hee hee

ဒီအရသာက ကြတော့ပြောပြဖို့ခက်တယ်ဗျ။

မိုးမိတဲ့အရသာလား ဂွတ်တယ် ငယ်တုန်းမိုးမိ မိုးရေထဲဆော့ထားမှ မိုးထိတာနဲ့ဖျားတာ ဘာညာမဖြစ်မှာ

ကျွန်တော်ပြောတဲ့အရသာက ပီတိဖြစ်တဲ့ အရသာပါ။

မိုးရေထဲဆိုင်ကယ်စီးရတဲ့အရသာကတော့ မျက်နှာစပ်တယ် 😁

မိုးရွာထဲ နေကာမျက်မှန်တပ်စီးရင် မစပ်ဘူးလေ။

ကလေးတွေကတော့ အဲ့လိုပါပဲဗျာ။ ဘာမှမသိကြပါဘူး။ ရိုးရိုးသားသား နဲ့ ရှေ့ကို ရောက်ချင်ကြတာ သာချင်ကြတာပါ

အင်းး ဟုတ်ပါတယ်။

ကိုယ်ချင်းစာမိတာနဲ့ ရင်ဘတ်ချင်းတူလို့ အခုလို ၀မ်းသာရပြီပေါ့ဗျာ

ဟုတ်တယ်ကိုစော အဲဒီနေရာ ငါ့သားလေးများဆိုရင် အတွေးဝင်သွားပြီး ကလေးကိုပျော်စေချင်သွားတာ။

ဖတ်ရတဲ့ သူတောင် ကလေးရဲ့အပျော်ကို ခံစားမိပြီး ကြည်နူးရပါတယ်။ချီးကျူးစရာ လုပ်ရပ်ပါ။

ကိုယ့်ကလေးနဲ့ ယှဉ်တွေးမိပြီး အမှတ်မထင် လုပ်ခဲ့မိတာ။

က​လေးသဘာဝကအဲဒီလိုပါပဲ။

အင်း ကလေးတွေဆိုတော့ သူများထက်ပိုသာချင်ကြတာ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 60995.11
ETH 1571.77
USDT 1.00
SBD 0.47