အကောင်းဆုံးကိုမှလိုချင်တယ်
အကောင်းဆုံးကိုမှလိုချင်တယ်
" ကောင်းတာဟာ အကောင်းဆုံးမဟုတ်ဘူး။ ကောင်းတာလောက်နဲ့ ကျေနပ်သွားရင် အကောင်းဆုံးက ဝင်လာလို့ မရတော့ဘူး။ အကောင်းဆုံးမဟုတ်သေးရင် လက်မခံနဲ့ မယူလိုက်နဲ့ လက်လွှတ်ခံလိုက်။ "
ကျမအံ့အားသင့်သွားတယ်။ အဖေ့ရဲ့ ဒီဆုံးမစကားဟာ ဘယ်လောက် စိတ်ကြီးဝင်လိုက်တဲ့ စကားလဲလို့ ကျမတွေးမိလို့။
ဒါပေမယ့် အဖေက ကျမကို စိတ်ကြီးဝင်အောင် သင်နေတာ မဟုတ်ပါဘူး။ စိတ်ရဲ့ လျိုဝှက်ချက်တစ်ခုကို ပြောပြနေတာပါ။
ဟုတ်ပါတယ် ကျမတို့ဟာ ကောင်းတာလောက်ကို ကောင်းလှပြီ ထင်ပြီး မရအရ ယူလိုက်ကြတယ်။ ဟိုဟာလည်း မရလို့မဖြစ်ဘူး ဒီဟာလည်း မရလို့မဖြစ်ဘူး။ ဒီအခွင့်အရေးလည်း အဆုံးခံလို့ မဖြစ်ဘူး။ ဒီအပျော်လည်း လက်လွှတ်မခံနိုင်ဘူး။
ဒီလိုနဲ့ ကိုယ့်ဘဝထဲမှာ တော်ရုံသင့်ရုံတွေ ပြည့်နှက်ပြည့်လျှံသွားတာပဲ။
တော်ရုံသင့်ရုံလောက်ကို ကျေနပ်နိုင်တဲ့သူအတွက်တော့ ဘာမှ ထပ်ပြောစရာ မရှိပါဘူး။
တော်ရုံသင့်ရုံလောက်နဲ့ မကျေနပ်ပါဘူး ဆိုတဲ့သူအတွက်တော့ စဉ်းစားရတော့မယ်နော်။
ပထမဆုံး ငါ့ဘဝမှာ ဘာတွေ မရှိရင် ဖြစ်သလဲ ဆိုတာ သိအောင်လုပ်ပါ။
ကိုယ့်ဘဝမှာ မရှိရင်လည်း ဖြစ်ပါတယ် .. မရရင်လည်း ဖြစ်ပါတယ် ဆိုတာ ဘာတွေလဲ ဆိုတာ သိအောင် လုပ်ရမယ်။ ဒါတွေ ဒါတွေ ဒါတွေ .. ငါ မရလည်း ဖြစ်တယ်။ မရလည်းဖြစ်တာကို ငါ မရမက ရအောင်လုပ်မနေတော့ဘူး ဆိုတာ စိတ်မှာ သေချာပြီ ဆိုရင် ... ဘဝဆီက ကိုယ် အကောင်းဆုံးကို တောင်းဆိုလို့ ရပြီ။ I want the best. လို့ ပြောလို့ရပြီ။
အကောင်းဆုံး ဆိုတာကလည်း ဘယ်တော့မှ အလျင်စလို မလာဘူးနော်။ ဖြေးဖြေး လာတယ်။ အေးအေး လာတယ်။
အကောင်းဆုံးကို စောင့်နေတုန်းမှာ စိတ်ကို အေးအေးထားနိုင်တယ်၊ အရည်အချင်းကိုမြှင့်နိုင်တယ်.. စိတ်ထားကိုမြှင့်နိုင်တယ်၊ ယောက်ယပ်မခတ်တဲ့စိတ်နဲ့ စောင့်တယ်၊ လုပ်စရာရှိတာကို ခေါင်းအေးအေးနဲ့ လုပ်နေပြီး နေနိုင်တယ်။ သေချာပေါက် ကိုယ်လိုချင်တဲ့ အကောင်းဆုံးဆိုတာ ရကိုရမှာလို့ သိတဲ့စိတ်ရှိလို့.. စောင့်နေတုန်းမှာ gracefully and greatfully ဖြစ်တယ် ဆိုရင် အဲသလိုလူဆီကို အကောင်းဆုံးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင် လာပါတယ်။
ကောင်းတာဟာ အကောင်းဆုံး မဟုတ်သေးဘူး။
တော်ရုံသင်ရုံတွေကို လက်လွှတ်ခံလိုက်ပါ။
တော်ရုံသင့်ရုံကို No လို့ ပြောနိုင်ပြီဆိုရင် အကောင်းဆုံးကို မျှော်လင့်နိုင်ပြီ။
အကောင်းဆုံးကိုသာ တောင်းဆိုပါ။
အကောင်းဆုံကိုမှ လိုချင်သူအတွက် အကောင်းဆုံးကို ပေးဖို့ ဘဝက အဆင်သင့်ပါ။
photo : google


