စိတ်တံခွန်လွှတ်သူများ
စိတ်တံခွန်လွှတ်သူများ
ဒီနေ့ ကျောင်းပိတ်ရက်။ ရပ်ကွက်ထဲမှကလေးများ စုဝေးရာကစားကွင်း(သို့မဟုတ်)ဆုတောင်းပြည့်စေတီကြီးတည်ရှိရာ ဘုရားဝိုင်းအတွင်းသို့ ထွက်လာခဲ့သည်။ သားကို ကစားရန်လွှတ်လိုက်သည်မှာ အချိန်အတန်ငယ်ကြာသွားပြီဖြစ်၍ ထမင်းစားပြန် ခေါ်ရန်အတွက်ဖြစ်၏။ ဘုရားဝိုင်းသို့ နီးကပ်လာသည်နှင့်အမျှ ကလေးတို့၏အော်ဟစ်ငြင်းခုံပြောဆိုသံများကို ကြားလာရသည်။
ဘုရားဝိုင်းတွင်းသို့ ဝင်ရန် မုခ်ဦးအုတ်တိုင်အကွယ်သို့အရောက်………
“ငါ…..ငါ..လည်းပါမယ်လေဟာ”
“ဝါး..ဟား..ဟား……”
သား၏သိမ်ငယ်လှသော မဝံ့မရဲတောင်းဆိုသံနှင့်အတူ ကလေးတစ်အုပ်စုလုံး၏လှောင်ပြောင် ရယ်မောလိုက်သံတို့က မိမိ၏ရင်ဘတ်ကို ဆီး၍ကန်လိုက်သလိုပင်။ ချက်ချင်း လှမ်းမဝင်သေးဘဲ အသာပင် နားဆက်စွင့်ထားလိုက်မိသည်။
“ပါလို့ရမလားကွ။ မင်းပါတဲ့ဘက်က အားလျော့သွားမှာပေါ့”
“ငါ…ငါ..ဂိုးစောင့်လို့တော့ ရပါတယ်ကွာ။ ပါမယ်နော်..”
ရှိုက်သံဘက်သို့ စွက်လာသော သား၏တောင်းဆိုသံကို မခံစားနိုင်တော့။ ဘုရားဝိုင်းအတွင်းသို့ အပြေးလေး လှမ်းဝင်သွားလိုက်မိ၏။ မိမိကိုမြင်တော့ ကလေးအားလုံးတို့၏အသံများ တိကနဲ ရပ်သွားကြသည်။
ကလေးတွေကို မကြည့်တော့ဘဲ သားဆီသို့ ပြေးဖက်လိုက်ရင်း ...
“ထမင်းစားမလို့ လာခေါ်တာသားရဲ့။ ကစားတာတော်တော့နော်။ နောက်နေ့ကျမှ ဆက်ကစားတော့..။ လာ..လာ ရေလည်းမချိုးရသေးဘူး။ မိုးချူပ်နေတော့မယ်”
သားက တုန့်ဆိုင်းဆိုင်းအမူအယာနှင့် ဆွဲခေါ်ရာသို့ လိုက်ပါလာခဲ့သော်လည်း ကလေးများဘောလုံးကန်နေရာသို့ လှည့်ကြည့် လှည့်ကြည့်နှင့် သံယောဇဉ်ပြတ်ဟန်မတူ။ ရင်ထဲတွင် နာကြင်ကြေမွလျှက် အံကို တင်းတင်းကြိတ်ရင်း သားလက်ကို မြဲမြဲဆုပ်၍ ပြန်လာခဲ့ရသော်လည်း နားထဲတွင်တော့ သား၏ကစားဖော်ကလေးများ ဝိုင်းဝန်းလှောင်ပြောင် ရယ်မောလိုက်သံက နားထဲတွင် ဆူညံပေါက်ကွဲ မြည်ဟီးလျှက်ရှိ၏။
“သားကို သူတို့က မပါရဘူးတဲ့မေမေ။ ရောက်ကတည်းက သားထိုင်ကြည့်နေရတာ”
ပြောရင်းက ငိုသံစွက်လာသော သား၏လေသံနောက်သို့ အလိုက်သင့် မပြောရဲပါ။ ထို့ကြောင့် ရင်ဘတ်ထဲမှ အောင့်ကျပ်နာကျင်နေမှုတို့ကို မျိုချချုပ်ထိန်း၍ အသက်မပါသောရယ်သံကို ကြိုးစားပမ်းစား လုပ်ကြံရယ်လိုက်ပြီး ...
“ဟင်း..ဟင်း…….သူတို့က ပြေးလွှားပြီး ဘောလုံးကန်ကြတာလေ..သားရဲ့။ သားက ပြေးမှမပြေးနိုင်တာကိုး..။ မပါချင်ပါနဲ့သားရယ်။ လဲပြုနေရင် မေမေ ရင်ကျိုးရချည်ရဲ့”
“သားက သူတို့လို မပြေးနိုင်ပေမယ့် ဂိုးစောင့်လို့တော့ရပါတယ် မေမေရယ်။ နောက်နေ့ကျရင် သားကိုပါရအောင် မေမေလိုက်ပြောပေးပါနော်..”
သက်ပြင်းကို အရှည်ကြီး ချလိုက်ရင်း လတ်တလော သားဖြစ်သူ ကျေနပ်စေရန် “အင်းပါသားရယ်…” ဟုပြောလိုက်ရသည်။
“မောင်ဝင်းအောင်လေးကို သူ့အမေက ကျောင်းထုတ်သွားတယ်ဆရာ”
“ဘယ်..ဘယ်လို ဆရာမ။ ဘာဖြစ်လို့တဲ့လဲ”
မောင်ဝင်းအောင်၏အတန်းပိုင်ဆရာမလေး မသူဇာထွေးပြောလာသည့်စကားကို ကျောင်းအုပ်ဆရာကြီး ဦးအောင်မော်က အလန့်တကြား ပြန်မေး၏။
“ကျွန်မလည်း စိတ်မကောင်းလွန်းလို့ အခြေအနေကို ဂဃနဏ သိချင်တာနဲ့ သူတို့အိမ်ကို လူကိုယ်တိုင် သွားမေးခဲ့တယ်”
ဆရာမလေးသူဇာထွေး ကျောင်းဆင်းတော့ မောင်ဝင်းအောင်လေးကို လက်တွဲပြီး ပြန်လာခဲ့သည်။ စိတ်တွင်းမှာတော့ ကြည်ကြည်လင်လင်မရှိ။ ဆရာမလေး၏အိမ်က မောင်ဝင်းအောင်တို့အိမ်ရှေ့က ဖြတ်သွားရသည်မို့ တကူးတက သပ်သပ် သွားစရာမလိုပါ။
“ဩော်…ဆရာမပါ လိုက်လာတာကိုး။ လာ ... ထိုင် ဆရာမ။ ကျွန်မတို့အိမ်က ဈေးသည်အိမ်ဆိုတော့ ရှုပ်ပွနေတာ။ အားနာလိုက်တာဆရာမရယ်”
မူမူထွေးက ဆရာမလေးကို မြင်မြင်ချင်းပင် ပျာပျာသလဲ ထ ကြိုဆိုသည်။ တစ်ခုတည်းသော ထိုင်စရာတန်းလျားလေးကို ကမန်းကတန်း ရှင်းလင်းပေးသည်။ ဆရာမလေးက ပြင်ဆင်ပေးသောနေရာတွင် ဝင်ထိုင်ရင်း ....
“ဆရာကြီးက မှာလိုက်တာလေးတွေ ပြောချင်လို့ပါ မမူမူထွေး။ မောင်ဝင်းအောင်လေးကို……”
“ဩော်..ခဏ ဆရာမ..၊ သားရေ..မီးဖိုထဲမှာ မုန့်ဟင်းခါးတွေ ဝယ်ထားတယ်။ သွားစားလိုက်ဦး”
မူမူထွေးက ဆရာမစကားကို ကမန်းကတန်းဖြတ်ပြီး ပြောလိုက်ဟန်က စကားပြောနေစဉ် သူ၏သားကို အနားမှာမရှိစေချင်မှန်းက သိသာလွန်းလှ၏။
“ဟုတ်ကဲ့မေမေ။ ဆရာမအတွက်ရော မပါဘူးလားဟင်”
မောင်ဝင်းအောင်က မရဲတရဲလေသံလေးနှင့် မေးလိုက်သံက ဆရာမလေး၏ရင်ကို ပီတိလွှမ်းသွားစေခဲ့၏။ သူဇာထွေးက ကျေနပ်စွာ ပြုံးရယ်ရင်း ...
“တော်ပါပြီကွယ်။ ဆရာမက မင်းမေမေနဲ့ ပြောစရာရှိတာပြောပြီး အိမ်ပြန်ထမင်းချက်ရဦးမှာကွဲ့။ သွား..သွား. သားပဲ သွားစားချည်ပါကွယ်”
မောင်ဝင်းအောင်လေးက ချိုင်းထောက်လေးကို သွက်လက်ပေါ့ပါးစွာ ဆွဲယူပြီး ယိမ်းထိုး ထောက်လှမ်း ထွက်သွားတော့မှ “ဆရာကြီးက မှာလိုက်တယ်မမူမူထွေး။ မောင်ဝင်းအောင်ပညာရေးနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်မှန်သမျှ ကျွန်မတို့ ဆရာ၊ဆရာမတွေ ပရဟိတအတွက် စုထားတဲ့ငွေထဲက အကုန်အကျခံပေးပါ့မယ်တဲ့။ မောင်ဝင်းအောင်လေးက စာတော်တဲ့ကျောင်းသားလေးမို့ ကျောင်းတော့ မထုတ်ပါနဲ့…တဲ့”
ဆရာမလေး၏စကားအဆုံးတွင် မူမူထွေးက သက်ပြင်းရှည်ကြီးကို တပင်တပန်း ရှိုက်သွင်း၍ ပြန်မှုတ်ထုတ်လိုက်ပြီး “ခဏလေးပါဆရာမ” ဆိုကာ ကမန်းကတန်း ထသွားသည်။ ချက်ချင်းပင် ဗလာစာအုပ်တစ်အုပ်ကို ကိုင်ပြီး ပြန်ရောက်လာခဲ့၏။ ဆရာမ၏လက်ထဲသို့ ထိုးပေးရင်း .....“သားလေးက သူခံစားရတာတွေကို ကျွန်မကို အမြဲရင်ဖွင့်ပြောပြပါတယ်။ အဲဒါ သူသိပ်ပြောချင်နေတဲ့အချိန် ကျွန်မဈေးရောင်းထွက်နေလို့ အဆင်သင့်မရှိတဲ့အခါ ဒီစာအုပ်လေးထဲမှာ စာလေးတွေရေးထားပြီး ကျွန်မလာတော့ ပြတယ်ဆရာမ။ ဖတ်ကြည့်ပါဦး”
ဆရာမလေးက နဝေတိမ်တောင်မျက်နှာနှင့် မူမူထွေးထိုးပေးသော စာအုပ်ကလေးကို လှမ်းယူပြီး ကမန်းကတန်း လှန်လှောဖတ်ကြည့်နေသည်။
“ဆရာမက စာစီစာကုံးရေးခိုင်းတယ်မေမေ။ ကြိုက်နှစ်သက်ရာခေါင်းစဉ်နဲ့တဲ့။ သားက စိတ်ကူးယဉ်မိတဲ့အတိုင်း ကျွန်တော်သာ အားကစားသမားကြီးဖြစ်ခဲ့လျှင်..ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးလိုက်တာပေါ့။ ဆရာမက အမှတ်ပြည့်ပေးတယ်မေမေ။ သူငယ်ချင်းတွေကတော့ ဖတ်ကြည့်ပြီး ဝိုင်းရယ်ကြတယ်လေ”
“သားက ဘာမှအသုံးမကျတဲ့သူတစ်ယောက်ပါ မေမေ။ ကျောင်းမှာ ကာယလုပ်ရင်လည်း ဘေးမှာ အမြဲထိုင်နေရတယ်။ အမှိုက်ကောက်ဆိုရင်လည်း သားမပါရဘူး။ ဘယ်သူဘာလုပ်လုပ် တစ်ယောက်တည်း ဘေးဖယ်နေရတာ သားသိပ်ရှက်တာပဲမေမေရယ်။ သား ကျောင်းမနေပါရစေနဲ့နော်”
စာလေးတွေ၏အောက်မှာတော့ ဖိနပ်ပုံလေးတွေမျိုးစုံတို့ကို ဆေးရောင်လေးတွေခြယ်၍ ရေးဆွဲထားသေး၏။ ဩော်..ဖိနပ်တစ်ရံစာ ဘယ်ညာစုံအောင် စီးချင်သည့်ဆန္ဒက သူ့အတွက် အိပ်မက်တစ်ခုလို ဖြစ်နေခဲ့တာပါလား။ ဖိနပ်လေးတွေ ပုံစံမျိုးစုံအောင် စိတ်ကူးယဉ်မှုက သူ့အတွက် မြင့်မားတဲ့ မျှော်လင့်ချက်ဖြစ်နေပါလားကလေးရယ်။ ဆရာမလေးက ဗလာစာအုပ်ထဲတွင်ရေးထားသော စာကြောင်းလေးများကို သဲကြီးမဲကြီးဖတ်ရင်းက ဝေ့တက်လာသော မျက်ရည်ကြည်တို့ ပြည့်အိုင်လျှံကျမလာအောင် မျက်တောင်ကော့လေးကို အဆက်မပြတ် ပုတ်ခတ်ထိန်းသိမ်းနေရ၏။ သို့သော် မအောင်မြင်ပါ။ ဗလာစာအုပ်ထဲမှာ လက်ရေးဝိုင်းဝိုင်းလေးများပေါ်သို့ မျက်ရည်နှစ်စက် အရုပ်ကြိုးပြတ် ပြုတ်ကျသွားခဲ့၏။
“မွေးရာပါ ပိုလီယိုရောဂါဆိုပေမယ့် ငယ်ငယ်တုန်းကတော့ ဘာမှမသိဘူးပေါ့ဆရာမရယ်။ တစ်နှစ်ပြီးတစ်နှစ် အရွယ်ရောက်လာတဲ့အခါကျတော့ သူ့ဘဝကံဆိုးမှုကို ရှက်တတ်လာတယ်လေ။ သိမ်နေလို့ အသုံးပြုမရတဲ့ ခြေထောက်လေးတစ်ဖက်အတွက် အရာရာကို အားမရတော့ဘဲ စိတ်ဓါတ်တွေ ကျနေတယ်လေ။ နောက်ပြီးတော့ ထူးချွန်တိုးတက်ချင်စိတ်ကလည်း အရမ်းကြီးတာ။ သူဝါသနာပါတာတွေကလည်း နိုင်ငံကျော်အားကစားသမားတို့၊ စစ်ဗိုလ်ကြီးတို့ ဘယ်လိုမှ မဖြစ်နိုင်တာတွေချည်းပဲ။ ဒီတော့ ရှက်တာရော၊ စိတ်ဓါတ်ကျတာရောပေါင်းပြီး လူတွေကို ရှောင်တော့တာပဲ။ တစ်နေ့တစ်ခြား ဆိုးလာလိုက်တာ ခုဆိုရင် ကျောင်းမနေချင်တော့ဘူးဆိုတဲ့ အဆင့်အထိ ရောက်လာတော့တာပဲ။ ကျောင်းကပြန်လာတိုင်း ငိုငိုပြီးပြောတာဆရာမရယ်။ ကျွန်မရင်ထဲမှာ ဘယ်လိုမှ မခံနိုင်အောင်ပါပဲ။ သူ့ဘဝအတွက် ပညာတတ်သင့်မှန်းတော့ ကျွန်မလည်းသိပါတယ်။ ဒါပေမယ့် သားလေးစိတ်ဆင်းရဲနေတာကို မကြည့်ရက်တော့လို့ မနေချင်လည်း မနေနဲ့တော့လို့ ပြောမိတာပါ”
ရှိုက်သံများဖြင့် ဗလုံးပထွေးရှင်းပြနေသော မူမူထွေး၏ရင်ကွဲသံတွေက ဆရာမလေး၏ရင်ဘတ်ကို မညှာမတာ ထိုးနှက်ကန်ကျောက်နေခဲ့သည်။
“ဒါဆို မောင်ဝင်းအောင်လေးတင်မဟုတ်ဘူး။ မအေကိုယ်တိုင်ကပါ စိတ်ကျရောဂါဖြစ်နေတဲ့သဘောပေါ့”
ဆရာမလေးသူဇာထွေး၏ စကားများကို သေသေချာချာ စူးစိုက်နားထောင်နေသော ကျောင်းအုပ်ကြီးဦးအောင်မော်က သူ့ထင်မြင်ယူဆချက်ကို မေးခွန်းပြန်ထုတ်သည်။
“ဟုတ်တယ်ဆရာ။ ကျွန်မကလည်း မောင်ဝင်းအောင်လေးကို မိဘနဲ့ဆရာပူးပေါင်းပြီး စိတ်ဓါတ်မြှင့်တင်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ပင်ဖို့သွားခဲ့တာ။ မူမူထွေးကို အားပေးနှစ်သိမ့်ပြီး ပြန်လာခဲ့ရတယ်။ သူကိုယ်တိုင်ကိုက သူ့သားလေးကို ပညာတတ်ကြီးဖြစ်အောင်လုပ်ပေးရင်လည်း အဆင့်အတန်းမြင့်မြင့် လူရာဝင်မှာ မဟုတ်တော့ပါဘူးဆိုပြီး ထိခိုက်ကြေကွဲနေတာ”
ဆရာမလေး၏စကားအဆုံးတွင် ဦးအောင်မော်က လေးလေးနက်နက်စဉ်းစားနေဟန်ဖြင့် ဘာစကားမျှမပြောသေးဘဲ စဉ်းစားနေဟန်ရှိသည်။ အတန်ကြာတော့မှ သက်ပြင်းချရင်း ...
“တစ်ခုခုတော့ စဉ်းစားကြသေးတာပေါ့ဆရာမရယ်။ ဆရာအလုပ်ဆိုတာ စာသင်တာတစ်ခုတည်းမှမဟုတ်ဘဲနဲ့၊ ကိုယ့်တပည့်တွေရဲ့ ပညာရေးမှာ အဖုအထစ်၊ အတားအဆီးမှန်သမျှကိုလည်း ကိုယ်အားကိုယ့်အင်နဲ့ နိုင်သလောက်အတိုင်းအတာထိ ဖေးကူဖြေရှင်းပေးရတာလည်း တစ်ခုအပါအဝင်ပဲလေ။ မောင်ဝင်းအောင်လို ထောင့်ပေါင်းစုံကအားနည်းချက်ရှိနေပေမယ့် ပညာတော်နေတဲ့ကျောင်းသားမျိုးကျတော့ စာသင်ခန်းနဲ့ဝေးမသွားအောင် ကြံဖန်ချည်နှောင် သင်ကြားပေးနိုင်အောင် ဝိုင်းဝန်း ကြိုးစားကြရမှာပေါ့။ ဘယ်လိုလူမျိုးမဆို လောကကြီးထဲကိုမှ ရောက်လာပြီဆိုရင် မှန်ကန်တဲ့ရည်မှန်းချက်နဲ့ ကြိုးစားနေသရွေ့ အပိုဖြစ်နေတဲ့သူဆိုတာ မရှိပါဘူး။ အသုံးကျခြင်း၊ မကျခြင်းဆိုတာ ကာယကံရှင်ရဲ့လုပ်ရပ်ပေါ်မှာပဲ မူတည်ပါတယ်။ ဒီအသိကို ဒုက္ခိတဖြစ်နေတဲ့ မောင်ဝင်းအောင်လေးတင်မက သူ့သားဟာ လောကကြီးအတွက် အမြဲတမ်းလူရာမဝင်သူတစ်ယောက်ဖြစ်နေမှာပါလို့ ထင်မြင်စိတ်ဓါတ်ကျနေတဲ့ သူ့မိခင် မမူမူထွေးကိုပါ ရောနှောကုသပေးသင့်ရင် ကုသပေးရမှာပေါ့ဆရာမရယ်”
“ရှင်…ဘယ်လို ဆရာ……..”
ဆရာမလေး၏နဝေတိမ်တောင်အမူအယာနှင့် အလန့်တကြားမေးဟန်ကို ဆရာကြီးက ပြုံး၍ကြည့်ရင်း .....
“ဟုတ်တယ်ဆရာမရဲ့။ဆရာဆိုတာ ကျောင်းသားတစ်ယောက်တည်းနဲ့တင် ဆိုင်တာမဟုတ်ဘူး။ အဲဒီကျောင်းသားနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ မိသားစု၊ ပတ်ဝန်းကျင်တွေကိုပါ လေ့လာဂရုစိုက်ပြီး ပြုပြင်တည့်မတ်ပေးနိုင်တာမှန်သမျှ အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးနိုင်ရမယ်။ ခုဆို မောင်ဝင်းအောင်လေးကို စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးမယ့် မိခင်ကိုယ်တိုင်က စိတ်ဓါတ်ခွန်အားမဲ့နေတာဆိုတော့ ပထမဦးဆုံး အဲဒီမိခင်ကို စိတ်ဓါတ်ခွန်အားပြည့်ဝအောင် တတ်နိုင်သလောက် ကြိုးစားကုသပေးရမှာလေ။ လောလောဆယ် ဆရာမတာဝန်က ဘယ်လိုနည်းနဲ့ဖြစ်စေ၊ မောင်ဝင်းအောင်လေးကို ကျောင်းပြန်ရောက်လာဖို့ တာဝန်ယူပါ။ နောက်အစီအစဉ်ကတော့ အခါအခွင့်ကို စောင့်ရမှာပေါ့။ ဟုတ်ပြီလား”
ဆရာမလေးက ဆရာကြီးဦးအောင်မော်၏ဆိုလိုရင်းကို သဘောပေါက်သွားဟန်ဖြင့် ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်ပြလိုက်ရင်း ...
“ဟုတ်ကဲ့ပါဆရာ။ လောလောဆယ် မောင်ဝင်းအောင်လေး ကျောင်းပြန်တက်အောင် စည်းရုံးဖို့ ကျွန်မတာဝန်ယူပါတယ်” ဟုပြောလိုက်လေသည်။
“မနက်ဖြန် ကျောင်းမှာ လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲ ဆုရကျောင်းသားတွေကို ဆုပေးပွဲအခမ်းအနားရှိတယ် မမူမူထွေး။ ဆရာကြီးက မမူမူထွေးကို မလာမနေရ ဖိတ်ခိုင်းလိုက်လို့ပါ”
ညနေက ကျောင်းဆင်းချိန်တွင် တကူးတကဝင်ပြောသွားသော ဆရာမလေးသူဇာထွေး၏အသံက မူမူထွေး၏နားထဲတွင် အချိန်ဘယ်လောက်ကြာကြာ ရပ်ဆိုင်းပျောက်ကွယ်သွားသည်ဟူ၍မရှိခဲ့။
“ရှင်..အားကစားဆုပေးပွဲ..ဟုတ်လားဆရာမ”
မဝံ့မရဲနှင့်မေးလိုက်သော မူမူထွေးအသံတွင် အံ့သြမှုနှင့်အတူ ထိတ်လန့်ရိပ်တို့က အတိုင်းသားပေါ်လွင်နေ၏။ ထို့နောက်တွင် ကပ်လျှက်ပါလာသောစိတ်အစဉ်ကတော့ နာကြည်းခံရခက်မှုပင်။ စိတ်ထဲမှာတော့ ဆရာမက တမင်များ အညှိုးတကြီးနှင့် လာပြောလေသလားဟု ထင်လိုက်မိသေးသည်။ ချိုင်းထောက်မပါလျှင် လမ်းပင်မလျှောက်နိုင်သော သားငယ်လေး၏မိခင်ဖြစ်သူ မိမိကို သိမ်ငယ်အရှက်ခွဲလိုသောဆန္ဒဖြင့် တမင်ဖိတ်ကြားလေသလား။ မူမူထွေး လွန်ခဲ့သော (၁၅)ရက်က အဖြစ်အပျက်ကို အပြေးအလွှား သတိရလိုက်မိသည်။
“သား…ကျောင်းသွားဖို့ပြင်တော့လေ..”
ကျောင်းချိန်နီးလာသည်အထိ တုတ်တုတ်မျှမလှုပ်သေးသော သားငယ်ကို မူမူထွေးသတိပေးလိုက်သော်လည်း သားငယ်က လှုပ်မလာပါ။ ထို့ကြောင့် “ဟဲ့..သား..မေမေပြောနေတယ်လေ။ ကျောင်းမမီဘဲနေလိမ့်မယ်သားရဲ့။ လုပ်တော့လေ”
မူမူထွေး၏စကားကို သားငယ်က အလိုမကျသောလေသံဖြင့် တုံ့ပြန်သည်။
“သား ဒီနေ့ ကျောင်းမသွားချင်ဘူးမေမေ”
သားငယ်၏အမူအယာကိုကြည့်၍ မူမူထွေးတုန်လှုပ်သွားသည်။ ထို့ကြောင့် လုပ်လက်စထမင်းချိုင့်ထည့်ခြင်းကို ပစ်ချထားလိုက်ပြီး သားငယ်ရှိရာသို့ ကမန်းကတန်းသွားကာ ပေါင်ပေါ်သို့ ဆွဲပွေ့ယူတင်လိုက်ရင်း ....
“ဘာဖြစ်လို့လဲသားရယ်။ ဆရာမက သားကို ကျောင်းမပျက်ရဘူးလို့ပြောထားတာ မှတ်မိတယ်မဟုတ်လား ဟင်။ ဆရာမကို အားနာပါတယ်သားရယ်။ သွားလိုက်နော်။ သားကို ဘယ်သူကဘာပြောလို့လဲ။ မေမေ့ကို ပြောလေ။ မေမေကိုယ် တိုင် ဆရာမကို လိုက်ပြောပေးမယ်”
မူမူထွေးက လေသံကို အပျော့ပျောင်းဆုံးထား၍ ပြောသော်လည်း မောင်ဝင်းအောင်လေးက မျက်မှောင်ကို မသိမသာကြုတ်ထားပြီး ဘာမှမပြော။ မူမူထွေးက“ပြောလေသား။ ကျောင်းမှာ သား ဘာဖြစ်လို့လဲ” ဟု ထပ်မေးတော့မှ တုန်ယင်လှိုက်ခတ်နေသောအသံလေးဖြင့် “သား ဒီနေ့ ကျောင်းမသွားချင်ဘူးမေမေရယ်။ ဒီနေ့ လွတ်လပ်ရေးအားကစားပြိုင်ပွဲအတွက် ပြိုင်မယ့်ကျောင်းသားတွေကို စာရင်းကောက်မှာ…တဲ့”
သားငယ်ဆက်ပြောနေသော်လည်း မူမူထွေး နားမထောင်နိုင်တော့ပါ။ ရင်တွင်းက ခံစားမှုကို တစ်ထပ်တည်းရလိုက်သဖြင့် ရင်ထဲတွင်အောင့်ကျပ်လျှက် ဝေဒနာက လည်ချောင်းဝသို့ထိ ထိုးတက် ဆို့နင်လာရသည်။
ဩော်…သားရယ်။ အားကစားပြိုင်ပွဲအတွက် ကျောင်းသူကျောင်းသားတွေ တရုန်းရုန်းနဲ့ စာရင်းပေးကြ၊ တိုင်ပင်ကြလုပ်နေတဲ့အချိန်မှာ သားငယ်လို ဒုက္ခိတတစ်ယောက်အတွက် သာမန်ထက် ပိုသိမ်ငယ်နေလိမ့်မယ်ဆိုတာ မေမေသိပါတယ် သားရယ်။ ဒါပေမယ့် မေမေကိုယ်တိုင်လည်းဘာတတ်နိုင်မှာလဲ။
သားငယ်က အားကစားပြိုင်မယ့် လူစာရင်းကောက်တာလောက်တောင် သူနဲ့မဆိုင်လို့ဆိုပြီး ဝမ်းနည်းခံစားနေရတာ။ ဆုပေးပွဲသာဆိုလျှင် ဘယ်လောက်တောင် သိမ်ငယ်ဝမ်းနည်းနေလိမ့်မလဲ။ ကိုယ်ကရော ဘာထူးလို့လဲ။ ချိုင်းထောက်မရှိရင် လမ်းတောင်မလျှောက်နိုင်တဲ့ သားတစ်ယောက်ရဲ့မိခင်အတွက်ကရော ဘာထူးလို့လဲ။ အားကစားပြိုင်ပွဲဆိုတာ ကိုယ့်အတွက် ဘာဆိုင်လို့လဲ။ ဒါကို ဆရာကြီးနဲ့ဆရာမလေးက ဘာဆိုင်လို့ မိမိတို့သားအမိကို တကူးတကဖိတ်ရတာလဲ။
မူမူထွေးရင်ထဲမှာ တွေးရင်းတွေးရင်း ရင်ထဲမှာ လေးလံညစ်ညူးလာသည်။ အိမ်သို့တိုင်အောင် တကူးတက လာဖိတ်သောကိစ္စဖြစ်သဖြင့် မသွားလို့ကလည်းမဖြစ်။ အားကစားပြိုင်ပွဲမှ ဆုများပေးချိန်တွင် လက်ခုပ်သံတွေကြားမှာ ကြေကွဲနေရမည့် မိမိတို့အဖြစ်ကို ကြိုတင်စဉ်းစားရင်း ဘာအလုပ်မှ မလုပ်ချင်တော့လောက်အောင် လောကကြီးကို စိတ်ပျက်မိလေတော့သည်။
ဆုရသူတစ်ဦးကို ကြေငြာလိုက်၊ ဆုရသူက တက်ယူလိုက်၊ လက်ခုပ်သံများ ပေါက်ကွဲထွက်လာလိုက်နှင့် ဆုပေးခန်းမကြီးတစ်ခုလုံး တက်ကြွစွာ အသက်ဝင်လျှက်ရှိသည်။ ထိုအထဲတွင် မူမူထွေးတို့သားအမိ မပါပါ။ လက်ခုပ်သံများကြားတွင် သိမ်ငယ်စွာနှင့် ကျဉ်းကြပ်စွာထိုင်နေရင်း ပြီးဆုံးချိန်ကိုသာ အပူတပြင်း ဆာလောင်တောင့်တနေမိ၏။ မူမူထွေး၏စိတ်ထဲတွင် မိမိကိုယ်တိုင်သိမ်ငယ်မှုထက် ဒုက္ခိတသားငယ်လေး၏စိတ်ထဲတွင် သန်မာထူးချွန်သောသူငယ်ချင်းများကို ကြည့်၍ မည်မျှခံစားရလိမ့်မလဲဟူသော နာကျင်မှုက ပိုနေလေသည်။ ထို့ကြောင့် ဘေးနားမှာကပ်ထိုင်နေသော သားငယ်၏ပခုံးကို တင်းတင်းဖက်ထားရင်းက မကြာခဏ ဖြစ်ညှစ်အားပေးနေမိလေသည်။
ကြည့်ရင်းကြည့်ရင်းမှပင် ထူးခြားမှုတစ်ခုကို မူမူထွေး သတိပြုမိလာသည်။ အားကစားပြိုင်ပွဲအတွက် လူရွေးသောနေ့မှာပင် သိမ်ငယ်လွန်းသဖြင့် ကျောင်းမတက်ချင်တော့လောက်အောင် ရှက်ရွံ့တတ်ခဲ့သောသားငယ်သည် ယခုအခါတွင် လက်ခုပ်များပင်လိုက်တီး၍ ပျော်ရွှင်နေသေး၏။ တစ်ခုခုမှားယွင်းနေကြောင်းကို မူမူထွေးသိသည်။ သို့သော် ဘာမှန်းတော့မသိ။ ခန့်မှန်း၍မရ။ သားငယ်လေး နာကျင်မနေခဲ့လျှင်ပြီးတာပါပဲဟု စိတ်ဖြေလိုက်ပြီး ဦးနှောက်ခြောက်ခံ မတွေးချင်တော့။
“ယခုတစ်ဖန် လေးဖက်ကုန်းပြေးပွဲမှာ ဆုရရှိသူများကို ဆုများပေးအပ်မှာဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာကြီးဦးအောင်မော်အား ဆုများပေးပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်ရှင်”
အခမ်းအနားမှုးလုပ်သော ဆရာမလေးသူဇာထွေး၏အသံအဆုံးတွင် ဆရာကြီးဦးအောင်မော် ပြုံးရွှင်စွာဖြင့် စင်ပေါ်တက်သွားလေပြီ။ မူမူထွေးက ပြိုင်ပွဲတွေက ဘယ်နှခုတောင် ကျန်သေးတယ်မသိဘူးဟု စိတ်ညစ်ညူးစွာဖြင့် အသံတိတ် ရေရွတ်နေမိ၏။
“လေးဖက်ကုန်းပြေးပွဲမှာ ပထမဆုရရှိသော စတုတ္ထတန်း(A)မှ မောင်ဝင်းအောင် ဆုယူရန် စင်မြင့်ပေါ်သို့ ကြွရောက်ရန်ဖိတ်ခေါ်ပါတယ်”
ဆုရသူကိုဂုဏ်ပြုသော လက်ခုပ်သံတွေ လျှံထွက်လာသည်။ ဟင်…မောင်ဝင်းအောင်ဆိုပါလား။ အို…သားလေးက မိမိလက်ကိုဖယ်ချပြီး ရှေ့ခုံမှာမှီထားတဲ့ချိုင်းထောက်ကို ဆွဲယူနေပါလား။
“သား..ဘယ်သွားမလို့လဲ။ ပြီးခါနီးပါပြီသားရဲ့။ ပြီးမှ ဆရာကြီးနဲ့ဆရာမကို နှုတ်ဆက်ပြီးပြန်ရအောင်လေ”
မောင်ဝင်းအောင်က မိခင်ကို ဘာမှမပြောဘဲ ပြုံးပြုံးကြီးပြန်ကြည့်၍ ချိုင်းထောက်ကိုဆွဲထောက်ရင်း ထိုင်ခုံမှ လျှောက်ထွက်လိုက်သည်။
ဟင်..သားလေး…စင်မြင့်ဆီကို သွားနေပါလား။ ဒါ..ဒါဆို..ခုနတုန်းက ပထမဆုကြေငြာတဲ့ မောင်ဝင်းအောင်ဆိုတာ နာမည်တူတာမဟုတ်ဘူးပေါ့။ သားလေးနာမည်ပေါ့။ အို…လေးဖက်ကုန်းပြေးပွဲ။ ဟုတ်သားပဲ။ သားလေးက မွေးကတည်းက ခြေထောက်တစ်ချောင်း၊ လက်နှစ်ဖက်နဲ့ ပြေးလွှားခဲ့ရတာဆိုတော့ ခြေထောက်နှစ်ချောင်းနဲ့လျှောက်သူတွေထက် ပိုမြန်တာပဲ။ သားလေး အားကစားပြိုင်ပွဲမှာ ဆုရတာပေါ့။
စင်မြင့်ဆီသို့လျှောက်သွားသော သားလေးကိုကြည့်ပြီး မူမူထွေး အိပ်မက်မက်သလိုကြီးဖြစ်နေသည်။ အတွေးထဲမှာ အစီအစဉ်အလိုက် လျှောက်စဉ်းစားရင်းက ဖြစ်နိုင်ချေတွေကို မြင်လာသည်။ သားလေး အားကစားပြိုင်ပွဲမှာ ဆုတက်ယူသည်ဆိုခြင်းကို ယုံတစ်ဝက်မယုံတစ်ဝက်နှင့် လေထဲလမ်းလျှောက်ရသလို ဖြစ်နေခဲ့၏။ ပရိတ်သတ်ကြီးက ဆုရကျောင်းသား ဘယ်ကများထွက်လာမလဲဟု လှည့်ပတ်ရှာဖွေနေကြပေပြီ။ ပရိသတ်ကြီးကို ပတ်လျှောက်သွားသော မောင်ဝင်းအောင်လေး စင်မြင့်ထက်သို့ ရောက်သွားပေပြီ။ စင်ပေါ်မှာ ဆရာကြီးဦးဝင်းအောင်က ဆုပေးရန် အဆင်သင့်စောင့်နေ၏။
မောင်ဝင်းအောင်လေး စင်မြင့်ရှေ့အရောက်တွင် ပရိတ်သတ်ကြီးအားလုံးတို့၏အသံများ ခလုပ်ပိတ်လိုက်သကဲ့သို့ တိကနဲ တိတ်ဆိတ်သွားလေတော့သည်။ အားကစားပြိုင်ပွဲတွင် ဆုရရှိသူက ချိုင်းထောက်နှစ်ဖက်ကို အနိုင်နိုင်အားပြုရင်း လမ်းလျှောက်ရသူဟူ၍ မည်သူမျှ ထင်မထားခဲ့သဖြင့် အံ့သြမှုများ ဂိတ်ဆုံးသွားကြသောကြောင့်ဖြစ်ပေလိမ့်မည်။ မောင်ဝင်းအောင်လေး စင်ပေါ်တက်မည့်အချိန်တွင် စင်မြင့်လှေကားကို ချိုင်းထောက်နှင့်တက်ရန် အခက်အခဲရှိသဖြင့် အနည်းငယ် တုန့်ဆိုင်းနေသည်။ အခမ်းအနားမှုးလုပ်သော ဆရာမလေးသူဇာထွေးက ထိုအခက်အခဲကို ကြိုတင်တွေးထားပြီးသားဖြစ်ဟန်တူသည်။ ပြေးလာပြီး မောင်ဝင်းအောင်လေးကိုတွဲ၍ စင်မြင့်လှေကားကို တက်စေလိုက်သည်။
မောင်ဝင်းအောင်လေး၏လှေကားတက်ခန်းက ပရိသတ်ကြီးအတွက် သက်စွန့်ဆံဖျား ဆပ်ကပ်ပြကွက်တစ်ခုအလား။ အသက်ပင်မရှုကြဘဲ တိတ်ဆိတ်ငြိမ်သက်မှုက ဆံပင်မွှေးကြမ်းခင်းပေါ်ကျလျှင်ပင် ကြားရတော့မတတ်။ ဆရာမလေး၏အကူအညီဖြင့် မောင်ဝင်းအောင်လေး စင်ပေါ်ရောက်သွားချိန်တွင်တော့ ပရိသတ်ကြီးအားလုံး တစ်ညီတညွတ်တည်း အော်ဟစ်အားပေးသံနှင့်အတူ ကြောက်ခမန်းလိလိလက်ခုပ်သံတို့ ပေါက်ကွဲထွက်လာတော့သည်။
မူမူထွေး ယခုအချိန်ထိ သတိလွတ်နေသူကဲ့သို့ မလှုပ်မယှက်ကြီးဖြစ်နေဆဲ။ ခံစားချက်ပေါင်းစုံတို့ ရှုပ်ယှက်ခတ်ပြေးလွှားနေသောရင်ဘတ်ကြောင့် ပါးပေါ်သို့ သတိလက်လွတ်မဲ့ကျလာသော မျက်ရည်တို့က တဖြိုင်ဖြိုင်။ ဆရာကြီးဦးအောင်မော်က သားလေးလက်ထဲကို ပထမဆုလေးပေးအပ်လိုက်ချိန်တွင် ထွက်ပေါ်လာသော လက်ခုပ်သံနှင့် အော်ဟစ်အားပေးသံများက ကျောင်းဟောခန်းမကြီး၏အမိုးများ ပွင့်ထွက်လွင့်ပျံသွားမတတ်။ သားက ဆုကို လက်ခံယူပြီး ချိုင်းထောက်လေးနှစ်ဖက်ကို အားပြု၍ ပရိသတ်ဘက်သို့ လှည့်လိုက်သည်။ ပြီးတော့ မိမိကို သူ့လက်ထဲကဆုလေးကို မြှောက်ပြနေသည်။
အို…သားမျက်နှာက အားရဝမ်းသာပြုံးနေပေမယ့် ပါးပေါ်မှာ မျက်ရည်တွေနဲ့ပါလား။ ဒီမျက်ရည်တွေက ဝမ်းနည်းသိမ်ငယ်လို့ကျတဲ့မျက်ရည် မဖြစ်နိုင်ဘူးဆိုတာ မေမေသိပါတယ်သားရယ်။ ဟင်…သားတင်မှမဟုတ်။ အခမ်းအနားမှူးလုပ်တဲ့ ဆရာမလေး သူဇာထွေးမျက်နှာကလည်း ဒီအတိုင်းပါပဲလား။ လက်စသပ်တော့ ဆရာမလေးနဲ့သားတို့က ပေါင်းပြီး မိမိကို အသိမပေးဘဲ ဆုပေးပွဲကို ဖိတ်ခဲ့ကြတာပေါ့။
သားက ဆုတံဆိပ်လေး မြှောက်ပြတော့ မိမိလည်း မတ်တပ်ရပ်ပြီး လက်ပြန်ပြလိုက်ရသည်။ ပရိတ်သားအားလုံးက သား ဘယ်သူ့ကို သူရတဲ့ဆုလေး ပြနေပါလိမ့်ဆိုတဲ့ စူးစမ်းမှုနဲ့ လှည့်ကြည့်လိုက်ကြတော့ မျက်လုံးတွေအားလုံး မိမိဆီကို ရောက်လာခဲ့သည်။ ထိုခဏလေးအတွင်း အားကစားပြိုင်ပွဲတွင် ပထမဆုရသော သား၏အမေအဖြစ် ဂုဏ်ယူလိုက်ရသည်မှာ ထမီပင်ခါးတောင်းကျိုက်၍ ခုန်ပေါက်အော်ဟစ်လိုက်ချင်သည်။
“ကျွန်မက ပထမဆုရှင် အဲဒီဒုက္ခိတလေးရဲ့ မိခင်ပါပဲရှင်”….လို့..။

ရင်တွင်းက ခံစားမှုကို တစ်ထပ်တည်းရလိုက်သဖြင့် ရင်ထဲတွင်အောင့်ကျပ်လျှက် ဝေဒနာက လည်ချောင်းဝသို့ထိ ထိုးတက် ဆို့နင်လာရသည်။
The best of post.
Thank you friend.
you always have great content