Analog Multimeter and Digital Multimeter content
Analog Multimeter နှင့် Digital Multimeter တို့ရဲ့ ကွာခြားချက်များ အကြောင်း
(Basic Electronic Engineering (Devices) စာအုပ်အား တတိယ အကြိမ် အဖြစ် ရန်ကုန် ၊ မန္ထလေး ၊ မုံရွာ ၊ ပုသိမ် ၊ မော်လမြိုင် ၊ စစ်ကိုင်း ၊ မကွေး ၊ ရေနံချောင်း ၊ ကျောက်ဆည် ၊ မြစ်ကြီးနား ၊ လားရှိုး ၊ မိတ္ထီလာ ၊ ပြည် ၊ နေပြည်တော် ၊ တောင်ကြီး ၊ ရွေဘို ၊ စစ်တွေ ၊ တောင်ငူ ၊ ရမည်းသင်း စတဲ့ မြို့တွေမှာ ၀ယ်ယူနိုင်ပါပြီ )
၁။ Analog Multimeter တွေအလုပ်လုပ်ဆောင်တဲ့ ပုံစံနှင့် Digital Multimeter တို့ရဲ့ အလုပ်လုပ်ဆောင်တဲ့ ပုံစံတွေကို ယခင်က ရေးသားဖော်ပြခဲ့ပြီးဖြစ်လို့ အသေးစိတ် ထပ်မံ မဖော်ပြတော့ပါဘူး။ အဆိုပါ Multimeter အမျိုးအစား ၂ ခုရဲ့ ကွဲပြားခြားနားတဲ့ အချက်တွေကို အဓိကထား ဖော်ပြပေးပါ့မယ်။
၂။ အကြမ်းဖျဉ်းအနေနဲ့ လေ့လာကြည့်မယ် ဆိုရင် Analog Multimeter တွေဟာ မျက်နှာပြင် (Display) မှာ Pointer (ညွန်တံ) ပါဝင်ပါတယ်။ Pointer ရဲ့ အောက်မှာတော့ Graph တစ်ခု နှင့် အတူ အဆိုပါ Graph ပေါ်မှာ Digit (ဂဏန်း)တွေကို ရေးသားဖော်ပြထားပါတယ်။ Display ရဲ့ အောက်ဘက်မှာတော့ Rotary အနေနဲ့ လှည့်ပြီးတော့ အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းတစ်ခု ပါဝင်ပါတယ်။ Digital Multimeter မှာတော့ Display မှာ 7 Segment ပုံစံ ဂဏန်းတွေနှင့် ရေးသားဖော်ပြထားတဲ့ တန်ဖိုးတွေ ပါဝင်ပါတယ်။ Digital Multimeter ရဲ့ အောက်မှာလည်း Rotary အနေနဲ့ လှည့်ပြီးတော့ အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းတစ်ခု ပါဝင်ပါတယ်။ (ဒါကတော့ Analog Multimeter နှင့် Digital Multimeter တို့ရဲ့ အပြင်တည်ဆောက်ပုံကွဲပြားခြားနားတဲ့ အရာကို အကြမ်းဖျဉ်းအနေနဲ့ ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။)
၃။ တိုင်းတာခြင်းပြုလုပ်ရာမှာ ရရှိလာတဲ့ တန်ဖိုးရဲ့ Accuarcy (တိကျမှု ) ကို နှိုင်းယှဉ်မယ်ဆိုရင်တော့ Digital Multimeter က Analog Multimeter ထက် တိုင်းတာရာမှာ ရရှိတဲ့ တိကျမှု တန်ဖိုးက ပိုမိုကောင်းမွန်ပါတယ်။ Analog Multimeter မှာတော့ Pointer အနေနဲ့ ညွန်ပြပေးတဲ့ ဂဏန်းတွေကိုဖတ်ရှုရာမှာ တန်ဖိုးအနည်းငယ် ကွဲလွဲနိုင်ပါတယ်။ အချို့သော Resistance ကဲ့သို့သော တန်ဖိုးတွေကိုတိုင်းတာရာမှာ Zero Adjustment တွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။ အဆိုပါ Zero Adjustment မပြုလုပ်ခဲ့ရင် တိကျတဲ့ တန်ဖိုးကို မရရှိနိုင်ပါဘူး။ Digital Multimeter တွေကတော့ Analog Multimeter တွေထက် တိုင်းတာခြင်းပြုလုပ်ရာမှာ Accuracy တန်ဖိုး ပိုမိုကောင်းမွန်ကြပါတယ်။
၎။ တန်ဖိုးတွေ ဖတ်ရတဲ့ အခါမှာ Digital Multimeter တွေက Analog Multimeter တွေထက် ပိုမိုလွယ်ကူ အဆင်ပြေစွာနဲ့ ဖတ်နိုင်ပါတယ်။ Analog Multimeter တွေပေါ်ကနေ တန်ဖိုးတွေကို ဖတ်တဲ့ အခါမှာ Display မှာ ပြတဲ့ Pointer ညွန်ပြတဲ့ ဂဏန်းကိုလည်း ကြည့်ရသလို Rotary ဒိုင်ခွက်ကနေ တန်ဖိုးဘယ်လောက်ကို ရွေးချယ် ညွန်ပြထားသလဲ ဆိုတာကိုလည်း ကြည့်ရပါအုံးမယ်။ အဆိုပါ အခြေအနေ ၂ ခုပေါ်ကနေ တွက်ချက်ပြီးမှသာလျှင် တန်ဖိုးတွေကို တိုင်းတာရရှိလာကြတာပဲဖြစ်ပါတယ်။ Digital Multimeter ကတော့ တန်ဖိုးတွေကို တိုင်းတာတဲ့အခါမှာ Display ပေါ်မှာ ဂဏန်းတန်ဖိုးတွေနဲ့ တခါတည်း ဖော်ပြခြင်းဖြစ်တဲ့ အတွက် အသုံးပြုသူကို Analog Multimeter နှင့် နှိုင်းယှဉ်ရင် ပိုမို လွယ်ကူစေပါတယ်။
၅။ ဈေးနှုန်းတန်ဖိုး အနေနဲ့ နှိုင်းယှဉ်ရင်တော့ Analog Multimeter တွေဟာ ၂ သောင်းလောက်ဆိုရင် ကောင်းကောင်းလေး ရရှိပါပြီ။ ၄င်းတန်ဖိုးထက်နည်းတဲ့ Analog Multimeter တွေလည်း ရှိကြပါသေးတယ်။ Digital Multimeter တွေကတော့ အနည်းဆုံး ၂ သောင်းလောက် တန်ဖိုးရှိတဲ့ Digital Multimeter မှပဲ အသုံးပြုလို့ သင့်တော်ရုံလေး ရှိကြပါတယ်။ (၁ သောင်းအောက် Digital Multimeter လေးတွေကို ၀ယ်ယူ အသုံးပြုနေကြတာနဲ့ နှိုင်းယှဉ်ရင် အနည်းဆုံး ၂ သောင်းလောက် တန်ဖိုးရှိတဲ့ Digital Multimeter လေးတွေကို ၀ယ်ယူ အသုံးပြုရင် ပိုကောင်းပါတယ်။ Range Selector တန်ဖိုးတွေကို ရွေးချယ်စရာမလိုတဲ့ Digital Multimeter တွေ ဆိုလို့ရှိရင်တော့ ဒီထက် အများကြီး ဈေးပိုကြီးကြပါတယ်။)
၆။ Calibration ဆိုတာကတော့ မိမိတိုင်းတာလိုတဲ့ တန်ဖိုးကို အတိအကျ ရရှိအောင် ချိန်ညှိခြင်းတွေ ပြုလုပ်ရတာကို ဆိုလိုပါတယ်။ Analog Multimeter တွေမှာတော့ Zero Adjustment ဆိုတဲ့ ခလုပ်ပါဝင်ပါတယ်။ အဆိုပါ Zero Adjustment ကို လူကိုယ်တိုင် ချိန်ညှိပြီးတော့ လုပ်ဆောင်ပေးရပါတယ်။ Digital Multimeter တွေကတော့ ၄င်း Multimeter ကိုယ်တိုင် အလိုလျောက် Adjustment (ချိန်ညှိ) ပေးခြင်းကို လုပ်ဆောင်ပေးပါတယ်။
၇။ မိမိတိုင်းတာလိုသော တန်ဖိုးတွေကို ရွေးချယ်တဲ့ Rotary ခလုပ်ပါဝင်ရာမှာ Analog Multimeter တွေဟာ ၄င်းတို့ကိုယ်တိုင် တန်ဖိုး သတ်မှတ်ချက် Range တွေကို လူကိုယ်တိုင် ရွေးချယ်ရပါတယ်။ Digital Multimeter တွေမှာတော့ ဈေးနှုန်းတန်ဖိုးတွေပေါ်မူတည်ပြီးတော့ တိုင်းတာလိုတဲ့ Range တန်ဖိုးကို ကိုယ်တိုင် ရွေးချယ်လို့ရသလို ၊ အလိုလျောက်လည်း ရွေးချယ်ပေးတဲ့ လုပ်ဆောင်ချက်တွေ ရှိကြပါတယ်။
၈။ Analog Multimeter တစ်လုံးသည် Current ၊ Voltage နှင့် Resistance စတာတွေကို တိုင်းတာနိုင်ပါတယ်။ Digital Multimeter တွေကတော့ ဈေးနှုန်းပေါ်မူတည်ပြီး Current ၊ Voltage ၊ Resistance ၊ Capacitance နှင် Low Frequency တန်ဖိုး စတာတွေကို တိုင်းတာနိုင်ပါတယ်။ တိုင်းတာခြင်း ပြုလုပ်နိုင်တဲ့ အမျိုးအစားမှာတော့ Digital Multimeter တွေက ပိုမိုကောင်းမွန်ကြပါတယ်။
၉။ အရွယ်အစားအနေနဲ့ နှိုင်းယှဉ်ပါက Analog Multimeter တွေဟာ Digital Multimeter တွေထက် ပိုမို ကြီးမားကြပါတယ်။
၁၀။ တည်ဆောက်ပုံကို လေ့လာကြည့်ရင် Analog Multimeter တွေဟာ အခြေခံ Component တွေနဲ့ ရိုးရှင်းစွာနဲ့ တည်ဆောက်ထားပါတယ်။ Digital Multimeter တွေမှာတော့ အခြေခံ Component တွေ အပြင် အခြားသော IC ပေါင်းများစွာနဲ့ တည်ဆောက်ထားကြပါတယ်။
၁၂။ Fig (1) မှာ Analog Multimeter ရဲ့ပုံကို ဖော်ပြထားပါတယ်။ Fig (2) တိုင်းတာလိုတဲ့ တန်ဖိုးတွေကို Manual အရ Range ရွေးချယ်ရတဲ့ Digital Multimeter ရဲ့ ပုံကိုဖော်ပြထားပါတယ်။ Fig (3) မှာ တိုင်းတာလိုတဲ့ တန်ဖိုးတွေကို Range အလိုက် ရွေးချယ်စရာ မလိုပဲ အမျိုးအစားကိုပဲ ရွေးချယ်တိုင်းတာနိုင်တဲ့ပုံကို ဖော်ပြပေးထားပါတယ်။
ကျေးဇူးတင်ပါတယ်


