တောင်ပြုံးပျော်

in #myanmar9 years ago

FB_IMG_1507524395169.jpg
ကျောက်​တစ်​လုံးမြို့၏ သာယာ​သောနံနက်​မှာ ဘ၏​တေးသံ​ကြောင့်​ စို​ပြေလျက်​ရှိသည်​၊

" ဒီအချိန်​​ရောက်​လာရင်​​လေ ... ကျွန်​​တော့်​စိတ်​​တွေ​ .. ဖောက်​​ဖောက်လာတယ်​​ ... ဟောဒီ​​ .. ဟောဒီအချိန်​​ .. ရောက်​လာရင်​​လေ ... ဘရဲ့စိတ်​​တွေ​ ဖောက်​​ဖောက်​လာတယ်​ .... "

ဘ စိတ်​လွတ်​ကိုယ်​လွတ်​ သီချင်း​အော်​ဆို​နေရာ​ဘေးသို့ ဖွားစွာ ​ရောက်​လာပြီး ခါး​ထောက်​ရပ်​ကာ
" ဟင်း ဟင်း ... ကျုပ်​သိတယ်​​နော်​... "

ဘက မျက်​​မှောင်​ကုပ်​၍ လှည့်​ကြည့်​လိုက်​ပြီး
" မင်းက ဘာသိတာလဲ .. "

" ဒီအချိန်​​ရောက်​လာရင်​​လေ ကျွန်​​တော့်​စိတ်​​တွေ​ ဖောက်​​ဖောက်​လာတယ်​လို့ ​တော်​​ အော်​​နေတာ​လေ။ ဒီအချိန်​ကို ကျုပ်​က သိ​နေ​တော့ .. ​တော်​ ဘာစိတ်​​ဖောက်​တယ်​ဆိုတာလဲ သိတာ​ပေါ့။ ​တောင်​ပြုံးပွဲက ​ရောက်​​တော့မယ်​​လေ။ ​တော်​ ​တောင်​ပြုံးပွဲနီးလာလို့ စိတ်​​ဖောက်​လာတာ မဟုတ်​လား .. "

" မဟုတ်​ပါဘူးကွာ။ စိတ်​မ​ကောင်းဖြစ်​​နေလို့ စိတ်​​ပြေလက်​​ပျောက်​ ပါးစပ်​ထဲလာရာ ဆို​နေတာပါ ... "

" ပြောစမ်းပါဦး။ ဘာ​တွေများ စိတ်​မ​ကောင်းဖြစ်​စရာရှိလို့လဲ... "

" ဒီမယ်​ စာလာတယ်​​လေ။ စံ​ဗျောဆီက .. သူ အ​တော်​​နေမ​ကောင်းဖြစ်​လို့တဲ့ .. "

ဖွားစွာက မ​ကျေမနပ်​ဖြင့်​ ..
" ဟင်း​ .. ရောဂါက ​တောင်​ပြုံးနဲ့မှ အချိန်​ကိုက်​ဖြစ်​ရတယ်​လို့ .. "

ဘက ခပ်​တည်​တည်​နှင့်​ ပြန်​ကြည့်​ကာ
" ​ရောဂါပဲကွာ၊ သူဖြစ်​ချင်​တဲ့အချိန်​ ဖြစ်​မှာ​ပေါ့။ အင်း .. ငယ်​သူငယ်ချင်းဆို​တော့ မသွားလို့ မ​ကောင်းဘူး။ ငါ မန္တလေးဆင်းမှဖြစ်​မယ်​ "

ဖွားစွာက မျက်​​စောင်းထိုးကြည့်​ပြီး
" အင်း .. စံ​ဗျောကလည်း ​တောင်​ပြုံးနီးမှ ​နေမ​ကောင်းရတယ်​လို့။ ယုံ​တော့မယုံဘူး။ ဒါ​ပေမဲ့ ဘာတတ်​နိုင်​မှာလဲ၊ ယုံရ​တော့မှာ​ပေါ့ .. "

သို့ဖြင့်​ ဘသည်​ မန္တလေးသို့ ထွက်​ခွာခွင့်​ရခဲ့ပါ​လေပြီ။ ​တောင်​ပြုံးပွဲ​တော်​ကျင်းပမည့်​ရက်သည်​ကား မ​ဝေး​တော့ပြီ။ သည်​ရက်​ပိုင်းမှာ ကိုစံ​ဗျောတစ်ယောက်​ အိမ်မှာကပ်​၍ ငြိမ်​ချက်​သား​ကောင်း​နေပါသည်​။ ထိုသို့ အိမ်​မှာကပ်​၍ငြိမ်​​နေသည်​ကိုပင်​ ဦးစံ​ဗျော၏ဇနီး​ ဒေါ်လှ​မေက မသင်္ကာဖြစ်​​နေခြင်းပါ။
" ဒီမယ်​ .."
" ဘာလဲ "
" ​တော်​ ဒီရက်​ပိုင်း အိမ်​ကပ်​​နေတာ ဘာအကြံရှိလို့လဲ .. "
" မင်းကလဲကွာ၊ ထွက်​​တော့လည်း ထွက်​ပြန်​ပြီ။ ကပ်​​တော့လည်း ကပ်​ပြန်​ပြီနဲ့၊ ဘာအကြံမှ မရှိပါဘူးကွ.. "

ထိုစဉ်​ တံခါးဝမှ ဘ၊ ဦး​ပေတလူနှင့်​ ဦးသာဝတို့​ ပေါ်လာပါသည်​။
" ​ဟေး ... စံ​ဗျော​ရေ "

ဒေါ်လှက မျက်​​စောင်းထိုးလိုက်​ပြီး
" အံမယ်​ မယ်​ .. ခုမှ အံအားသင့်​ဟန်​​ဆောင်​​နေ​သေးတယ်​။ လက်​စသတ်​​တော့ အိမ်​ကပ်​​နေတာ ဒါ့​ကြောင့်​ကိုး .. "

ဘ၊ ဦး​ပေတလူ၊ ဦးသာဝနှင့်​ ဦးစံ​ဗျောတို့ သူငယ်​ချင်း​လေး​ယောက်​ကား စုမိသွားကြပါ​လေပြီ။ သို့နှယ်​ သူငယ်​ချင်း​လေး​ယောက်​ စုမိသွား​သောအခါ ​ဒေါ်လှက ...
" ကဲ​ ... ပြော၊ ​တော်​တို့​ တောင်​ပြုံးသွားဖို့ အချိန်းအချက်​ လုပ်​ထားကြတာ မဟုတ်​လား .. "

" ဟုတ်​တယ်​၊ အဲ ... ဟုတ်​ပါဘူး။ တို့ စစ်​ကိုင်းသွား ဥပုသ်​​စောင့်​ကြမလို့ပါကွာ "

" အသက်​ကြီးစပြုပြီ မဟုတ်​လား​ဒေါ်လှရဲ့ "

ဒေါ်လှမှာ ဘတို့အဖွဲ့ကို စူးစူးစိုက်​စိုက်​ကြည့်​ကာ
" အင်း ... စိတ်​ထဲက​တော့ မယုံချင်​ဘူး။ ဒါ​ပေမဲ့ ယုံထားလိုက်​ပါ့မယ်​ "

ဦးစံ​ဗျောက
" ကိုယ့်​ငရဲ ကိုယ်​မရှာချင်​ပါနဲ့ကွာ။ မင်းအတွက်​​ပြောတာပါ။ တို့ နက်​ဖြန်​ စစ်​ကိုင်းသွားကြမယ်​။ ဒါပဲ .. "

ဒေါ်လှက မျက်​​စောင်းထိုးသည်​။ ဘတို့ တစ်ယောက်မျက်နှာ တစ်​​ယောက်​​​​ကြည့်​ကာ ပြုံးလိုက်​ကြသည်​။

📖📖📖📖📖

နောက်​ရက်​မှာ စစ်​ကိုင်းသို့​ရောက်​ခဲ့ပြီး ​လေး​ယောက်​သား သရက်​တစ်​ပင်​ဆိပ်​သို့​ ရောက်​ခဲ့ပြီ။
" ထမင်းစားကြဦးစို့လား .. "
" ​ကောင်းသားပဲ "

ဘတို့ ထမင်းဆိုင်​သို့ ဝင်​လိုက်သ​ည်​။
" သက်​သတ်​လွတ်​​လေးပွဲ စားမယ်​​ဟေ့ .. "

" သာဓုပါဗျာ၊ အဘတို့ အသား​ရှောင်​တာ ကြာပြီလား ... "

" အင်း ... သွား​တွေ ကျိုးကုန်​ကတည်းက .."

" သွားများ​ ကောင်းလို့က​တော့ ဆင်​​ကောင်​လုံး​ကြော်​​တောင်​ စား​သေး ... "

သို့ဖြင့်​ ထမင်းစားပြီး​သောအခါ ...
" ငါ့တူ လာပါဦး .. "

" ဗျာ "

" ဒီက​နေ ​တောင်​ပြုံးကို ပဲ့ချိတ်​​လှေငှါးပြီး သွားလို့ရမလား "

" ကားနဲ့သွားပါလား အဘရဲ့။ အမြန်​​ရောက်​တာ​ပေါ့ "

" ကားနဲ့ သွားမဖြစ်​လို့​ပေါ့ကွာ။ မန္တလေးအထွက်​မှာ အထူးရှာ​ဖွေ​ရေးဂိတ်​ရှိတယ်​ကွ။ တို့အိမ်​က အဖွားကြီးက ​စောင့်​ရှာမှာ ... "

" ပဲ့ချိတ်​ငှါးခက သက်​သာမှာမဟုတ်​ဘူးအဘ .. "

" မသက်​သာချင်​​ နေကွာ။ အဖွားကြီးနဲ့လွတ်​ရင်​ ပြီး​ရော "

📖📖📖📖📖

ဘတို့မှာ ​တောင်​ပြုံး​ပျော်​ကြီးများဖြစ်​ပါသည်​။ ယခုလည်း အဖွားကြီးများကို တစ်​​ယောက်​တစ်မျိုး လိမ်ညာကာ​ ​တောင်​ပြုံးသို့ ထွက်​ခဲ့ပါသည်​။ ​တောင်​ပြုံးပွဲသို့​ရောက်​သည်​နှင့်​ ဘ၏အသံကို စ၍ကြားရပါ​တော့သည်​။
" အို .. ​တောင်​ပြုံး​ခေါ်ပွဲ​တော်​ကြီး နီးလာပြီ ... ​ယောက်​ဖ​ရေ ​.. နောက်​က​နေ​ ခေါ်​နေပြီ ... "

ဘအသံ​ကြောင့်​ ပွဲခင်းထဲသွားလာ​နေသူတို့က လှည့်​ကြည့်​ကာ ပြုံးကြသည်​။ ဘသည်​ အမျိုးသမီးများကိုမြင်​သည်​နှင့်​ အဖွားကြီးတို့ကိုကြည့်​ကာ
" အိမ်​ကို မြန်​မြန်​ပြန်​ ... က​လေး​တွေ ငိုကုန်​ပြီ .. "

ဘ၏စကားအဆုံးမှာ အဖွားကြီးများက မျက်​​စောင်းထိုးသည်​။ အမျိုးသမီးငယ်​တို့က ​ပျော်​တတ်​သည့်​အဖိုးကြီးများကို ကြည့်​ကာ ပြုံးကြ၏။ ဦးစံ​ဗဗျော၊ ဦး​ပေတလူနှင့်​ ဦးသာဝတို့က သံပြိုင်​​အော်​ကြသည်​။

" အူဝဲ ... "
" အူဝဲ "
" အူဝဲ .. ဝဲ ... ဟဲ .. ဝဲ .... "

ဘတို့ကိုကြည့်​၍ ဝန်းကျင်​မှလူငယ်​များက ပြုံးကြသည်​။ လူငယ်​တစ်​​ယောက်​က ...
" ဗျို့ အဘ "
" ​ဝေး ..."
" ဒီအသက်​အရွယ်​ကြီး​ရောက်​မှ ​တောင်​ပြုံးလာပြီး ဘယ်​သူ့ရှာတာလဲဟင်​ .. "
" အင်း... မင်းက​မေး​တော့လည်း ​ဖြေရမှာ​ပေါ့ကွာ။ လိမ်​လည်းမ​ပြောချင်​ဘူး။ မင်းအဘွား လိုက်​ရှာတာ​ဟေ့ "
" အင်​ "

ဘေးမှလူငယ်​များ ဝိုင်းရယ်​ကြသည်​။
" ဒါနဲ့ အဘမှာ ​မြေးရှိသလား .. "
" ​မြေး​တော့ မရှိဘူး၊ မျှစ်​ရှိတယ်​။ မင်း ပဲနဲ့​ ရောကြော်​စားချင်​ရင်​ ယူသွား​လေ "

ရယ်​သံများက ဆူညံသွားပြန်​သည်​။ ဘတို့မှာ လူငယ်​များနှင့်​ အပြိုင်​​အော်​ရင်း၊ စရင်း ပွဲခင်းထဲသို့​ ရောက်​ခဲ့ပါ​လေပြီ။

" အာရုံ​ကြော​တွေ အခုမှ နိုးကြားလတ်​ဆတ်​ကုန်​တယ်​ ... "

" အင်း ... ကျုပ်​​တော့ အနိုးကြားလွန်​လို့လား မသိဘူး။ အာ​ခေါင်​​တွေ​ခြောက်​ပြီး ​ရေ​တောင်​ငတ်​လာတယ်​ "

" ​ရေငတ်​လာရင်​ အရက်​ဝင်​​သောက်​မယ်​​လေ ... "

" မူးကုန်​မှာ​ပေါ့ဟ၊ ​ပျော်​ရုံပဲ​ ကောင်းပါတယ်​။ ငရဲမရှာချင်​ပါနဲ့ကွာ ..."

" ညံပါ့ကွာ။ ဘယ်​ကလာ ငရဲရှာတာ ဟုတ်​ရမှာလဲ၊ ဒီအရက်​​တွေက မမူးဘူးဟ။ ​ရေအတိုင်းပဲတဲ့။ ငါ့​မြေးက ​ပြောဖူးတယ်​ .. "

" ကဲ ... ဒါဖြင့်​​ သောက်​ကြမလား .. "

" ဟ ဟ​ .. နေဦး "

ဦးစံ​ဗျောညွှန်​ပြရာသို့ ဘက လှမ်းကြည့်​လိုက်​သည်​။

" ကိုကိုကြီးပါလား ... "

ကိုကိုကြီးမှာ ဘ၏​မြေးဖြစ်​သည်​။ ကိုကိုကြီးကိုကြည့်​ရသည်​မှာ လူ​တွေကိုသာ မှတ်​မိ​နေ​သော်​လည်း အ​ရှေ့အ​နောက်​​ တောင်​​မြောက်​ကို​တော့ သိပုံမ​ပေါ်​တော့ပါ။
" ဘ "
" ဘာလဲ .."
" အခု ကျွန်​​တော်​ ဘယ်​​ရောက်​​နေတာလဲ ... "
" အင်း​ .. တောင်​ပြုံး​ရောက်​​နေတာ​လေ .. "
" မသိပါဘူး။ အိမ်​များ ပြန်​​ရောက်​​နေတာလားလို့ .. အဟီး ... အမူးကို​ပြေသွားတာပဲ။ ကျွန်​​တော်​ ဘတို့နဲ့ အတူတူလိုက်​ခဲ့မယ်​ .. "

ကိုကိုကြီး၏စကား​ကြောင့်​ ဘတို့တစ်​ဖွဲ့လုံး မျက်​လုံးပြူးသွားကြသည်​။ ပြီး​တော့ သံပြိုင်​ အ​ဖြေ​ပေးလိုက်​သည်​။
" ဟာ ... မဖြစ်​ဘူး ... မဖြစ်​ဘူး "

စကားအဆုံးမှာ ဘတို့​လေး​ယောက်​သား တိုင်​ပင်​ထားသည့်​နှယ်​ တစ်​ပြိုင်​တည်း ကိုကိုကြီးနှင့်​​ဝေးရာသို့ ပြေးထွက်​ခဲ့​လေ​တော့သတည်း။

ကိုကိုကြီးကလည်း သည်​အရိပ်​အ​ခြေကို သိပြီးသားမို့ ဘတို့​ပြေးသည်​နှင့်​ ....
" ဘ .. ဘ ကျွန်​​တော့်​ကို မထားခဲ့ပါနဲ့ဗျ "

အော်​ရင်း အ​နောက်​မှ လိုက်​​လေသည်​။ ဘတို့အဖွဲ့မှာ ​ရှေ့ဆုံးမှ ဦး​ဆောင်​​ပြေး​နေသူက ဦးစံ​ဗျော။

ဦးသာဝက ...
" ​ရှေ့ကအခန်းထဲ ဝင်​ဗျာ။ ဒါမှ မျက်​​ခြေပြတ်​သွားမှာ... "
" ဘာ အခန်းလဲ .."
" ဘာအခန်းဖြစ်​ဖြစ်​ ဝင်​စမ်းပါဗျာ "

ဘတို့ဝင်​လိုက်​​သော အခန်းမှာ ​ဗေဒင်​ဆရာ ​ရှေ့ဖြစ်​​နောက်​ဖြစ်​ဆရာ​အေး၏ ​ဗေဒင်​​ဟောခန်းဖြစ်​ပါသည်​။ ဘတို့ အတွင်းသို့​ရောက်​သည်​နှင့်​ ဆရာ​အေးက ...
" ဘယ်​သူ မေးချင်​တာလဲ။ ​မေးမယ့်​လူ ဒီ​ရှေ့မှာ ထိုင်​ပါ။ ​ရှေု့ဖြစ်​လား ... ​နောက်​ဖြစ်​လား ... "

ဘသည်​ ​ယောင်​ချာချာနှင့်​ ဆရာအေး​ရှေ့မှာ ဝင်​ထိုင်​လိုက်​ပြီး ....
" ​ရှေု့ဖြစ်​လည်းမဟုတ်​ဘူး၊ ​နောက်​ဖြစ်​လဲ မဟုတ်​ဘူး​။ ရှေ့နဲ့​ နောက်​ရဲ့ကြား အခုဖြစ်​​နေတာ​လေး ​မေးချင်​လို့ "

" အင်း ... အခုဖြစ်​​နေတာ​လေး​ ဟောရမယ်​ဆိုရင်​ ခင်​ဗျားတို့ လူတစ်​​ယောက်​နဲ့မ​တွေ့ချင်​လို့ ထွက်​​ပြေး​နေကြတယ်​မဟုတ်​လား ... "

" မှန်​လိုက်​​လေဆရာရယ်​ ... "

" မှန်​မှာ​ပေါ့။ ကျုပ်​ ဆိုင်​​ရှေ့က ရပ်​ကြည့်​​နေတာပဲ။ ရန်​ဖြစ်​ပြီး ထွက်​​ပြေးလာတာမှတ်​လို့၊ ကျုပ်​လည်း ဆိုင်​ထဲ ဝင်​​ပြေးလာရတာ ... ကဲ ... ကျုပ်​အခန်းထဲ ဝင်​ခိုတဲ့အတွက်​ တစ်​​ယောက်​​ယောက်​​တော့​ မေးဖြစ်​​အောင်​​ မေးရမယ်​ "

""ထူးပါဘူး။ ငါ့ကိုသာ ဆက်​​ဟောပါ​တော့ကွာ။ ဘာ​တွေ ဆက်​ဖြစ်​မလဲဆိုတာ ... "

" ဒူးဆစ်​ ပြပါ ... "

" ဘာကွ "

" ဒူး၊ ဒူးကို ပြပါ "

" မင်းက လက္ခဏာဆရာ မဟုတ်​ဘူးလား .."

" ကျုပ်​က နဖူး​ရေဒူး​ရေ ကြည့်​​ဟောတဲ့​ ရှေ့ဖြစ်​​နောက်​ဖြစ်​ဆရာ "

" ဒါဆို နဖူး အရင်​ကြည့်​ကွာ ... "

" နဖူးကြည့်​ပြီးပြီ။ ဒူးသာပြ "

" ကဲ​ ... ရော့ ကြည့်​ကွာ "

ဘက ဒူးကို ပြလိုက်​သည်​။

" ရပြီ။ ပုဆိုးကို သိပ်​ပြီး အထက်ထိ ​မ မနဲ့။ ဟိုး ... ဟိုး .... "

ဆရာ​အေးက ဘ၏ဒူးကို အ​သေအချာကြည့်​လိုက်​ပြီး
" ခင်​​ဗျား မိန်းမ​ကြောက်​ရတာပဲ .. "

" ဒါ​တော့ မင်း​ပြောမှလားကွာ။ အစဉ်​အလာပဲဟာကို "

""အင်း ... ပွင့်​ပွင့်​လင်းလင်းဆက်​​ပြောရရင်​ ​နောက်​နှစ်​နာရီအတွင်း ခင်​ဗျားတို့အိတ်​ထဲ ရှိသမျှ​ငွေ အကုန်​​ပြောင်​လိမ့်​မယ်​ "

ဘတို့အဖွဲ့က ဆရာ​အေးအား ​သေ​သေချာချာကြည့်​လိုက်​ပြီး
" မင်းကိုယ်​တိုင်​များ ရိုက်​ယူမလို့လားကွ "

" ကျုပ်​​ဟောတာကို ယုံစမ်းပါ "

" ​သေချာရဲ့လား ဆရာ​လေးရယ်​ "

" ​သေချာပါတယ်​။ ပြီးခဲ့တဲ့နှစ်​ကဆို အမှန်​ဆုံးဟာ ကျွန်​​တော်​ဆိုပြီး နာမည်​ကြီးသွားတာ .. "

" ဟုတ်​လား "

" ဆိုင်​​ရှေ့မှာ ရန်​ဖြစ်​တာ​လေ။ အပြန်​အလှန်​ထုတဲ့ ခဲ​တွေအားလုံး ဒီ​ခေါင်းချည်း ဝင်​မှန်​တာ၊ ပွဲပြီး​တော့ ​ဆေးရုံ တစ်​ပတ်​​လောက်​တက်​ရတယ်​ ... "

ဦး​ပေတလူက ဦးသာဝနား ကပ်​ကာ ...
" သိပ်​ဟန်​ပုံ မ​ပေါ်ဘူး ... "

ဦး​ပေတလူနဲ့ဦးသာဝတို့စကားကို ဆရာ​အေး ကြားသွားပြီး...
" ဘာလဲ ကျုပ်​ကို အထင်​​သေးကြတာလား ... "

ဆရာအေးမျက်​နှာက ​ဒေါသသင့်​​နေသည်​။ ဦးစံ​ဗျောတို့အဖွဲ့က အာနာစွာဖြင့်​ ကြည့်​ကြသည်​။

" ခင်​ဗျားတို့​လေး​ယောက်​စလုံးရဲ့ နဖူး​ရေကိုကြည့်​ပြီး ကျုပ်​​ဟောလိုက်​မယ်​။ ပွဲပြီးမှ ကိုယ့်​အိမ်​ကို ပြန်​​ရောက်​မယ်​ "

" လွဲပြီ "
" ပြန်​ပြင်​ချိန်​ ရတယ်​​နော်​ "
" တို့က ည​နေပြန်​မှာ "

ဆရာ​အေးက ...
" ခင်​ဗျားတို့ ပြန်​လို့မရဘူး။ ဒါပဲ။ ကဲ .. ​ဟောခ​ပေး "

ထိုစဉ်​ အခန်းဝမှခန်းဆီး ဟသွားပြီး ကိုကိုကြီး ​ပေါ်လာသည်​။
" ဟာ ... ဘ ဒီအသံမျိုး ကြာဖူးပါတယ်​လို့​ အောက်​​မေ့​နေတာ ... "

" ဟင်​ "
" ဟိုက်​ "
" ဟယ်​ "
" ဂိုး .... "

ဘတို့အဖွဲ့မှာ တစ်​ချိုးတည်း ထ​ပြေးရ​လေ​တော့သည်​။

" ဖွီ .. မစွံလိုက်တာ၊ ဒီနှစ်​​ရောက်​ကတည်းက ​ပြေးချည်း​နေရတာ "

ဘတို့နောက်မှ လိုက်​လာသူမှာ ကိုကိုကြီးတစ်​​ယောက်​တည်း မဟုတ်​​တော့ပါ။ ​ရှေ့ဖြစ်​နောက်ဖြ​စ် ဆရာ​အေးပါ ပါလာသည်။ ​ဆရာ​အေးမှာလည်း ​ဟောခမရ​သေး​သော​ကြောင့်​ လိုက်​လာခြင်းဖြစ်​ပါသည်​။ ဘတို့အဖွဲ့မှာ ​ပြေး၍မလွတ်​နိုင်​​တော့မှန်း သိသည့်အတွက်​ လူအုပ်​စုကြား ​ပြေးဝင်​ရ​တော့သည်​။

" ​တောက်​​ ပျောက်​သွားပြီ "

" ဒီနား​လေးတင်​ ရှိမှာ "

" ငါတို့ဆက်​ရှာရင်​ တစ်​နာရီအတွင်း​ တွေ့မှာ သေချာတယ်​ "

" ဘာလဲ၊ ဂြိုဟ်​စီးဂြိုဟ်​နင်းနဲ့ ဟိန်းခန်း​တွေက အဲသလိုပြ​နေလို့လား..."

" ဟုတ်​ပါဘူး။ သူတို့က အသက်​ကြီးပြီမဟုတ်​လား။ အခု​လောက်​ပြေးရင်​ကိုပဲ အ​တော်​ဟို​​က်ေ​န​​လောက်​ပြ်ီ။ ​ဒါ​ကြောင့်​ ​နောက်​ထပ်​​ပြေးနိုင်​လှ တစ်​နာရီလို့ ​ပြောတာ​ပေါ့ကွာ .. "

" ​တော်​လိုက်​တာ "

ကိုကိုကြီးနှင့်​ ဆရာ​အေးမှာ လမ်း​လျှောက်​လာရာမှ ...
" ​နေပါဦး။ မင်းက အခု ဘယ်​သွားမလို့လဲ "

ကိုကိုကြီးက စဉ်းစားလိုက်​ပြီး ..
" ကျွန်​​တော်​က ဘတို့မ​တွေ့မှ​တော့ ဆရာ့​နောက်​ လိုက်​ခဲ့မယ်​​လေ။ ​ငွေက ပြတ်​​နေပြီ။ အိ​ပ်​ဖို့ စားဖို့က ..."

" ဟာ .. ဟာ ... အဲလို​တော့ မဖြစ်​ဘူး ... "

အကြားအမြင်​ဆရာ​အေးမှာ အမူးသမားကပ်​​နေမည်​စိုး​သော​ကြောင့်​ ကိုကိုကြီးစကားမဆုံးခင်​မှာပင်​ သုတ်​​ခြေတင်​​ပြေး​လေ​တော့သည်​။

" အမူးနဲ့အရူးက အတူတူပဲ။ ဟို​ရှေ့က ပန်းဆိုင်​​နောက်​ ဝင်​ပုန်းမှ "

ရှေ့ဖြစ်​​နောက်​ဖြစ်​ဆရာ​အေးသည် ​ပန်းဆိုင်​​နောက်​သို့ လှစ်​ခနဲ ချိုး​ကွေ့ဝင်​လိုက်​သည်​။ ထိုအချိန်​ ပန်းဆိုင်​​နောက်​မှာ ပုန်း​နေ​သော ဘတို့အဖွဲ့နှင့်​ မျက်​နှာချင်းဆိုင်​မိကာ ...
" ဟိုက်​ "
" ဟင်​ "
" အ​မေ့ "

ရှေ့ဖြစ်​​နောက်​ဖြစ်​ဆရာ​အေးက ဘမာဖလာနှင့်​ ဦးစံ​ဗျော၏တိုက်​ပုံအင်္ကျီအိတ်​​ထောင်​ကို လှမ်းဖမ်းဆွဲထားကာ ...
" ကဲ .. မိပြီ၊ ​ပေးပါ ​ဟောခ "

" ဘယ်​​လောက်​​ ပေးရမှာလဲ "

" ငါးရာ "

" စဉ်းစားပါဦးဆရာရယ်​၊ ဆရာ့​ဟောခက တစ်​စက္ကန့်​ တစ်​ရာနှုန်း​လောက်​ ကျ​နေတယ်​ ... "

" ​ဟောခက တစ်​ရာပါ။ ခင်​ဗျားတို့​နောက်​ လိုက်​ရတဲ့အချိန်​က ​လေး​ယောက်​​လောက်​​ ဟောလို့ရတယ်​​လေ။ အဲဒီနစ်​နာ​ကြေးပါ ထည့်​​တောင်းရတာ .. "

ဦးသာဝက ..
" ​ပေးလိုက်​ပါဗျာ။ မ​ပေးမချင်း ဒီတစ်​​ယောက်​အတွက်​ပါ ပို​ပြေး​နေရမှာ..."

ဘက မ​ကျေမနပ်​နှင့်​ ..
" ကဲ​ .. ရော့ "

ရှေ့ဖြစ်​​နောက်​ဖြစ်​ဆရာ​အေးက ဘ​ပေး​သောငါးရာကို ယူကာ ထွက်​သွားသည်​။

ဦးသာဝက ..
" လာဗျာ​၊ လျှောက်​လည်​မယ်​။ ​ရောက်​ကတည်း​က ​ပြေးပဲ​နေရတာ။ ဒီတစ်​ခါ ကိုကိုကြီးနဲ့ကြုံရင်​လည်း ​ပေးလိုက်​ဗျာ။ သူ့ဟာသူ သွားချင်​ရာသွား​ သောက်​ချင်​ရာ​သောက်​ စားချင်​တာစား ​နေပ​လေ့​စေ။ ဒါမှ ကျုပ်​တို့​ အေး​အေး​ဆေး​ဆေး လည်​ရမှာ "

" ဟုတ်​တယ်​။ သူ့ကို လှည့်​ပတ်​​ပြေးပုန်း​နေရတာနဲ့ အချိန်​ကုန်​​နေရင်​ ​တောင်​ပြုံးလာရတာ ဘယ်​မှာ အဓိပ္ပါယ်​ရှိ​တော့မှာလဲ "

" ဟုတ်​တယ်​ကွာ။ တို့ သွားစရာရှိတာ သွားမယ်​ "

""သွားရင်းလာရင်း ကိုကိုကြီးနဲ့ဆုံရင်​ မုန့်​ဖိုး​ပေးလိုက်​။ ဘာမှမဟုတ်​ဘဲ ​ဗေဒင်​ဆရာအခန်းဝင်​မိတာ​နဲ့တောင်​ ​ငွေကုန်​ရ​သေးတာပဲ။ ကဲ လာ သွားကြမယ်​ "

ဘတို့အဖွဲ့သည်​ ရင်​ဆိုင်​ရမည့်​ပြဿနာကို အဆုံးစွန်​ထိ​ ဖြေရှင်းရန်​နည်းလမ်းများကို စဉ်းစားပြီးပြီမို့ ပန်းဆိုင်​​နောက်​ ပုန်းကွယ်​​နေရာမှ စိတ်​​အေးလက်​​အေး ထွက်​ခဲ့ကြ​လေသည်​။ ပွဲခင်းထဲမှ ဖြတ်​​လျှောက်​ခဲ့ပြီး စား​သောက်​ဆိုင်​တန်းများဘက်​သို့ ချိုး​အ​ကွေ့မှာ " ဟာ.. ဟိုမယ်​ .. ကိုကိုကြီး "

" အူယားဖားယား​ပြေးလာတာ ဘာများ ဖြစ်​လာလို့ပါလိမ့်​ "
" အင်း​ .. ငွေမပါဘဲ ဘာများစားပြီး ထွက်​​ပြေးလာတယ်​ မသိဘူး "
" အဲဒီဘက်​​ လျှောက်​ကြည့်​မယ်​​လေ။ နည်းနည်းပူညံပူညံဖြစ်​​နေတဲ့ဆိုင်​​တွေ့ရင်​ ဝင်​​ဖြေရှင်းကြတာ​ပေါ့ "

ဘတို့အဖွဲ့ စား​သောက်​ဆိုင်​တန်းဘက်​​ရောက်​ပြီး​နောက်​ ဆိုင်​များ၏အ​ခြေအ​နေကို အကဲခတ်​ကြသည်​။ ဘာမှ​ ထွေ​ထွေထူးထူး မ​တွေ့ရ။

" မထူးခြားဘူးဗျ "

" ဒါဖြင့်​ ကိုကိုကြီး ဘာကိစ္စထွက်​​ပြေးလာရတာလဲ "

" ကျုပ်​တို့​နောက်​ လိုက်​ရှာတာ ဖြစ်​ချင်​ဖြစ်​မှာ​ပေါ့။ အ​စောက ကျွန်​​တော်​တို့ကသာ သူ့မြင်​လိုက်​ရတာ၊ သူက မမြင်​လို့​နေမှာ "

ဦးစံ​ဗျောက ဗိုက်​ကို လက်​ဝါးနှင့်​ပွတ်​လိုက်​ပြီး
" ကဲ အ​ရေး​ပေါ်ပြဿနာတစ်​ခု အရင်​​ဖြေရှင်းလိုက်​ကြရ​အောင်​ကွာ။ ပွဲခင်းထဲ​ရောက်​ကတည်းက ​ပြေးလွှား​နေရတာ၊ ဆာပြီ "

" ဘာ စားမလဲ "

" ကြည့်​​လေ၊ ဆိုင်​​တွေက​တော့ တန်းစီ​နေတာပဲ "

" ဟိုဆိုင်​က မ​ကောင်းဘူးလား၊ ဆယ်​​ကျော်​သက်​ မုန့်​တီ၊ မုန့်​ဟင်းခါး၊ ထမင်းချဉ်​တဲ့ "

" ​ကောင်းတယ်​၊ ဆယ်​​ကျော်​သက်​ကို အား​ပေးရမှာပဲ "

ဘတို့အဖွဲ့ ဆယ်​​ကျော်​သက်​စား​သောက်​ဆိုင်​သို့ ချီတက်​သွားကြပါ​လေပြီ။ ဆိုင်​အတွင်းသို့ ဦး​ဆောင်​ဝင်​သွားသူမှာ ဦးသာဝ။ ဦးသာဝ​ခြေလှမ်းက တန့်​သွားသည်​။ ​နောက်​မှ ဦးစံ​ဗျောက ..
" ဘာဖြစ်​​နေတာလဲ။ ဝင်​ပါဗျ ရဲရဲ "

ပြော​ပြောဆိုဆို ဦးသာဝကို​ကျော်​တက်​ကာ ဝင်​ရန်​ ဟန်​ပြင်​လိုက်​သည်​။
" ဟိုက်​ "

" ဘာဖြစ်​တာလဲ "

ဘနှင့်​ ဦး​ပေတလူကပါ ဆိုင်​တွင်းသို့ လှမ်းကြည့်​ရင်း အံအားသင့်​သွားကြသည်​။

" ဟို​ကောင်​ ထွက်​​ပြေးလာတာ ဒါ့​ကြောင့်​ပဲ "

" ဟို​ကောင်​သာ ထွက်​​ပြေးလို့ရမယ်​။ ​တော်​တို့က ထွက်​​ပြေးလို့မရဘူး။ ကဲ လာကြပါ "

ဘတို့အား​ ခေါ်လိုက်​သူမှာ ဖွားစွာနှင့်​ ဦး​ပေတလူ ဦးစံ​ဗျော ဦးသာဝတို့၏ဇနီးများဖြစ်​သည်​။

" သိတယ်​​လေ၊ ​တော်​တို့ ဒီကိုလာမယ်​ဆိုတာ "

ဘတို့မှာ​ ရေ​ရေလည်​လည်​ စိတ်​ညစ်​သွားသည်​။ ဆယ်​​ကျော်​သက်​စား​သောက်​ဆိုင်​မှာ ဖွားဖွားတို့စု၍ ဖွင့်​ထားခြင်းဖြစ်​ရာသည်​။

" ​တော်​တို့လည်း အဆင်​​ပြေ​အောင်​ ကျုပ်​တို့ ဆိုင်​လာဖွင့်​ထားရတာ၊ ​တော်​တို့လာမယ်​မှန်းသိလို့ အလုပ်​သမား​တောင်​ မငှါးဘူး။ ဟင်း .. ဟင်း ... ပွဲပြီးထိ​ ပျော်​​ပျော်​ကြီး​နေ​ပေ​ရော့ "

တောင်​ပြုံး​ပျော်​ကြီးတို့မှာ ပွဲခင်းထဲတွင်​ ​နေကြရ​သော်​လည်း ပန်းကန်​​ဆေးရင်း အချိန်​ကုန်​ကြရ​လေ​တော့သတည်း။
MSC-062
Author. @aungmintant

Sort:  

လာခဲ့မန်းတလေးကို ဟဲဟဲ

ဟုတ်​ကဲ့ အကို

ကျေးဇူးပါပဲ မသက်​လျာ

Thanks for yours support

Thanks for yours support

ဆေးကျောင်းသားလေးပေါ့နော်

ဟုတ်​ကဲ့

ဂွတ်ပိုစ့် ဘတို

ကျေးဇူးပါပဲ

Thanks for yours support

ဇာတ်သိမ်းပုံလေးကောင်းလိုက်တာ၊အရေးအသားလဲမဆိုးပါဘူး။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60666.80
ETH 1563.25
USDT 1.00
SBD 0.47