Xiaomi အကြောင်း သိကောင်းစရာsteemCreated with Sketch.

in #xiaomi6 years ago

Xiaomi အကြောင်း

မြန်မာပြည် မှာ Xiaomi ရောင်းတဲ့သူတိုင်း ဂယက်နှစ်ခု အဓိက ကြုံရပါတယ်။
Official လား ... PI လား ဆိုတာနဲ့ 
China လား ... Global လား ... Stable လား ... Developer လား စတဲ့ မေးခွန်းတွေကို အမှိုက်ထုပ်ကြီးလိုက်ရှင်းသလို ဖြေပေးနေရတာပါပဲ
ပြီးတော့ ဒီမေးခွန်းကရတဲ့ ဘယ်အဖြေနဲ့ပဲဖြစ်ဖြစ် ဘာမှမဆိုင်တဲ့Qualityဆိုတာနဲ့ သွားပြီး ချိတ်ဆက်စဉ်းစားပစ်လိုက်ကြပါတယ်။
အပေါ်ကမေးခွန်းတွေက Quality ပိုင်းနဲ့ ဆက်နွယ်မှု မရှိပါပဲနဲ့ ဒါတွေနဲ့ပဲ ဖုန်းရဲ့ Quality ကို အဖြေထုတ်နေကြတာ တကယ်တော့ မေးခွန်းနဲ့ အဖြေနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းလို ဘာ ဘာ ဘာမှမဆိုင်ဘူး ဖြစ်နေပါတယ်။

မေးတော့သာ နွားကျောင်းသားအမေး၊ ဖြေရတာက ဘုရားလောင်းမှ ဖြေနိုင်မယ့်ဟာမျိုး ဖြေရတာပါ။
အဖြေကတော့ တစ်ခွန်းတည်းနဲ့ မပြီးတဲ့ တစ်ထောင့်တစ်ညပုံပြင်ပါပဲ။
ကြားထဲမှာ China/Global နဲ့ Stable/Developerလို အမျိုးအစားမတူတာ
နှစ်ခု(ဥပမာ။ China လား Stable လား၊ Global လား Stableလား)ကို ခွကြိတ်ပြီး မေးတတ်ကြပါသေးတယ်။

လောလောဆယ် Official နဲ့ PI ကိုတော့ နောက်မှ ရှင်းပါတော့မယ်ခင်ဗျ။

China/Global နဲ့ Stable/Developer ဆိုတာကို အရင်ရှင်းပြချင်ပါတယ်။

အဲ့တော့ ကနဦး ပြောချင်တာတွေကို China Rom နဲ့ Global Rom ကွဲပြားခြင်းက စပြောမှ ရလိမ့်မယ်။(ပုံမှာ ကြည့်ရင် ရှင်းသွားမှာပါ။)
တကယ်တော့ Stable နဲ့ Developer ဆိုတာ အဲ့နှစ်ခုကနေ ဆင့်ပွားပြီး ခွဲဖြာသွားတာပါ။
Xiaomi ဖုန်းတွေမှာ တင်ထားတဲ့ ROM မှာ China Rom နဲ့ Global Rom ဆိုပြီး နှစ်မျိုးရှိပါတယ်။
Global Rom နဲ့ China Rom ဆိုရာမှာ မျိုးကွဲတွေ ထပ်ဆင့်ရှိပါသေးတယ်။
China Rom မှာ Stable Rom နဲ့ Developer Rom(Beta) ဆိုပြီး ထပ်ကွဲသလို Global Rom မှာလည်း Stable Rom နဲ့ Developer Rom(Beta) ဆိုပြီး ထပ်ကွဲပါတယ်။
အဲ့မှာမှ China Rom မှာဆို Alpha Rom ဆိုပြီးရှိပါသေးတယ်။
ပြန်ပြောရရင် China Rom မှာ Stable,Developer(Beta) နဲ့ Alpha ဆိုပြီးရှိသလို Global မှာလည်း Stable နဲ့ Developer(Beta)ဆိုပြီး ရှိပါတယ်။

China Alpha Rom က စီနီယာအကျဆုံးဖြစ်ပြီး သီးသန့်အဖွဲ့ဝင်တွေကို ပေးစမ်းသပ်ပါတယ်။
ပြီးမှ ဝါသနာရှင်တွေအတွက် Developer(Beta) Romကို Public ထုတ်ပေးပြီး စမ်းသပ်ခိုင်းပါတယ်။
အတည်ငြိမ်ဆုံးဖြစ်သွားမှ Stable Rom Update အနေနဲ့ Public ထုတ်ပေးပါတယ်။
ဘူးဖောက်တာနဲ့ ဖုန်းထဲမှာပါတာက Stableပါ။
အဲ့ဒီဖုန်းတွေကိုရောင်းချပေးမယ့်နိုင်ငံရဲ့အနေအထားအရ Global Rom နဲ့ China Rom ကွဲပြားမှုဖြစ်သွားတာပါ။
ဘယ်နိုင်ငံအတွက်ရောင်းရောင်း Quality ကွာခြားချက်မရှိပဲ ထည့်ထားပေးတဲ့ Application နဲ့ Setting နည်းနည်းပဲ ကွာခြားမှုရှိပါတယ်။
အရင်ကဖိန့်လုံးတွေနဲ့ ဒီကွာခြားချက်တွေကို အလွဲသုံးစားလုပ်ပြီး ကွာလတီ မတူသယောင် ပြောဆိုနေကြတာတွေက အမှန်တော့ လျှောက်ပြောနေကြတာပါ။

China Rom

Google နဲ့ပတ်သက်တာတွေကို ပိတ်ပင်ထားတဲ့ တရုတ်ပြည်မှာ Google Application တွေသုံးမရတဲ့အတွက် Applicationတွေသွင်းဖို့ရာ Google Play Store အစား ပြည်တွင်းသုံးဖို့အတွက် တရုတ်နိုင်ငံသားတွေနဲ့ သဟဇာတဖြစ်မယ့် တရုတ် Application Store တွေနဲ့ တရုတ်application တွေကိုသာ ထည့်သွင်းပေးထားတာကတော့ China Rom ပါ။
အဲ့ဒီ တရုတ်Applicationတွေကို Bloatwareလို့ ဆိုကြပေမယ့် Google နဲ့ပတ်သက်တာတွေကို ဘာမှသုံးမရတဲ့ တရုတ်ပြည်တွင်းက စားသုံးသူတွေအတွက်တော့ အသုံးဝင်တဲ့ Application တွေပါ။
အတိုပြန်ချုံ့ရရင် Google နဲ့ ပတ်သက်တာ ဘာမှမပါပဲ တရုတ်Applicationတွေပဲပါတာကို China Rom လို့ခေါ်ပါတယ်။
Copyrights နဲ့ပတ်သက်ရင် တရုတ်ပြည်တွင်းမှာ ပိုလွတ်လပ်တဲ့အတွက် Theme တွေသုံးရတဲ့အပိုင်းမှာ Global Rom ထက် အချုပ်ချယ်ခံရမှု ပိုနည်းသလို Global Rom ထက် Online music နဲ့  Xunlei download accelerator စတဲ့လုပ်ဆောင်ချက်တွေနည်းနည်းပိုရတတ်ပါတယ်။
Language ကလည်း English နဲ့ Chinese နှစ်မျိုးပဲပါပါတယ်။
အချုပ်အားဖြင့် China Rom မှာ တရုတ်စာနဲ့ တရုတ်Application တွေပဲ ပါပြီး Google Application တွေ မပါပါဘူး။

မှတ်ချက်။ ။ China Rom မှာ Google Application မပါပေမယ့် မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုက်ညီတဲ့ Google Application တွေကို ထည့်နိုင်ရင် Global Rom နည်းတူ အလုပ်ကောင်းကောင်းလုပ်ပါတယ်။

Global Rom

တရုတ်ပဲပင်ပေါက်တွေနဲ့ မျက်စိအရှူပ်မခံနိုင်တဲ့ နိုင်ငံတကာက စားသုံးသူတွေအတွက်ကတော့ Google Application တွေပါတဲ့ Global Rom က အတိုင်းအထက်အလွန် အကောင်းဆုံးပဲပေါ့။
Google Application ရသွားတဲ့အတွက် အလဲအလှယ်အနေနဲ့ China Rom မှာ ခံစားခွင့်ပိုရထားတဲ့ Online Music နဲ့ Xunlei Download Accelerator တို့လို လုပ်ဆောင်ချက်အနည်းငယ်ကို လက်လွတ်ဆုံးရှူံးလိုက်ရပါတယ်။
China Applicationတွေတစ်ဖြစ်လည်း Bloatware တွေ မပါတော့တဲ့အတွက် သိုလှောင်မှုပမာဏတစ်ခုတော့ အတန်ငယ် များလာပါတယ်။
ဘာသာစကားတွေတော်တော်များများထည့်သွင်းပေးထားတဲ့အချက်ကလည်း နိုင်ငံတကာက သုံးစွဲသူတိုင်း English ကိုကျွမ်းကျင်ကြတာမဟုတ်ပဲ တချို့တွေက မိခင်ဘာသာစကားကိုသာ အလေးထားသုံးကြတာဖြစ်တဲ့အတွက် ဒီလို ဘာသာစကားများများရတာက အားသာချက်တစ်ခုလို့ ဆိုရမှာပါ။
အချုပ်အားဖြင့် Global Rom မှာ Google Application ပါပြီး တရုတ်Application တွေ မပါတော့ပါဘူး။

Alpha Rom

Stable Romနဲ့ Developer Rom(Beta) Rom ထက် အစောဆုံးထွက်တာဖြစ်ပြီး China Rom မှာသာရတဲ့ Alpha Rom က update အဖြစ်ဆုံးဖြစ်သလို error အများဆုံးလည်းဖြစ်လို့ ကျန်တဲ့Romတွေမှာမရနိုင်သေးတဲ့လုပ်ဆောင်အချက်အသစ်တွေပါပေမယ့် ပုံမှန်သုံးစွဲသူတွေအတွက်တော့ သုံးစွဲရန်မသင့်တော်ပါဘူး။
ဒါပေမယ့်လည်း သီးသန့်အဖွဲ့ဝင်တွေကိုသာ ပေးစမ်းသပ်တာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။

Developer Rom(Beta)

လုပ်ဆောင်ချက်အသစ်အဆန်းတွေကို မြည်းစမ်းကြည့်ချင်တဲ့ တက်ကြွတဲ့ဝါသနာရှင်တွေအတွက်တော့ အံကိုက်ပါ။(အငြိမ်သုံးမယ့် သုံးစွဲသူတွေအတွက် မသင်တော့်ပါဘူး)
Update တွေ တစ်ပတ်တစ်ခါရတဲ့အတွက် Stable ထက် လုပ်ဆောင်ချက်အသစ်တွေ ကြိုပြီး ခံစားခွင့်ရကြပါတယ်။
သို့ပေမယ့် ဖွံ့ဖြိုးအောင် ၊ တည်ငြိမ်အောင်လုပ်ဆောင်နေရဆဲ Developer Rom(Beta)အနေနဲ့ ကောင်းကျိုး၊ ဆိုးကျိုးကတော့ ဒွန်တွဲလျက်ရှိနေပါတယ်။
လုပ်ဆောင်ချက်အသစ်တွေ အရင်ကလိခွင့်ရတာ ကောင်းပေမယ့် တစ်ဖက်ကလည်း Error တွေများနေသေးတာ မမေ့သင့်ပါဘူး။
မြည်းစမ်းတဲ့သူတွေကလည်း သုံးနေရင်း ကြုံဆုံလာရမယ့် Error တွေကို Feedback အနေနဲ့ report ပြန်တင်ပေးကြပြီး MIUI Developer Team ကလည်း ဒီ့ထက်ပိုမိုတည်ငြိမ်ကောင်းမွန်အောင် အပတ်စဉ် ကြိုးစားပြုပြင်အဆင့်မြှင့်တင်သွားရပါတယ်။
Beta Rom Version ကို ကြည့်ပြီး ဘယ်တုန်းက update လဲဆိုတာကို အဓိပ္ပာယ်ကောက်လို့ရပါတယ်။

ဥပမာ။ ။ Mi 5 ရဲ့ နောက်ဆုံး Developer Rom(Beta) က 7.5.19(MIUI8) ဆိုပါစို့။

7 က ခုနှစ် = 2017
5 က လ = May
19 က ရက် = 19th Day

ဒီလိုဖော်တတ်ပြီဆိုရင် ဒီ Developer Rom(Beta) ကို ဘယ်တုန်းကထုတ်ပေးခဲ့တာလဲဆိုတာ အလွယ်တကူ သိနိုင်သွားပါပြီ။

Stable Rom

အတည်ငြိမ်ဆုံးဖြစ်သလို Updateပေး နောက်အကျဆုံးလည်း ဖြစ်တဲ့ Stable Rom ကိုတော့ ရောင်းချတဲ့ Xiaomiဖုန်းတိုင်းမှာ တင်ပေးထားပြီးသားပါ။
Update လည်း ကျန်တဲ့ Rom တွေထက် ပိုကြာပြီး တစ်လမှသည် လနဲ့ချီကြာမြင့်တတ်ပါတယ်။
ဒါပေမယ့် Error အနည်းဆုံးအနေအထားနဲ့ သုံးရတဲ့အတွက် မကလိတတ်တဲ့ ပုံမှန်သုံးစွဲသူတွေအတွက် အဆင်ပြေပြေ သုံးစွဲသွားစေနိုင်မှာဖြစ်ပါတယ်။
ှStable Rom ကိုလည်း အဓိပ္ပာယ်ကောက်လို့ရပါတယ်။

ဥပမာ။ ။ Mi Max ရဲ့ နောက်ဆုံး Stable Rom က 8.1.13.0.MBCMIDI(MIUI8) ဆိုပါစို့။

8 က MIUI Version
1 က Major Update
13 က Minor Update
MBC က Android Version (Marshmallow 6.0)
MI က Rom အမျိုးအစား (Global Rom)
DI က Device အမျိုးအစား (Mi Max WCDMA)

Rom အမျိုးအစားကိုပဲ ခွဲချင်ရင် MI ဆို Global Rom ဖြစ်ပြီး CN ဆိုရင် China Rom ဖြစ်ပါလိမ့်မယ်။

အကျဉ်းချုပ် ပြောရရင် Stable လား Developer လား ဆိုတာ မေးစရာကိုမလိုပါဘူး။
ဈေးကွက်ထဲ ထုတ်ရောင်းတဲ့ Xiaomi ဖုန်းတိုင်းကို Stable Rom ပဲ တင်ထားတာမို့ပါ။
တကယ်မေးရမှာက China Rom လား Global Rom လား ဆိုတာကိုပါ။
Global ကောင်းလား China ကောင်းလားမေးရင် ပုံမှန် သုံးစွဲမယ့်သူတွေအတွက် Global က ပိုသင့်လျော်ပါတယ်။
ဒါပေမယ့် တချို့သော Xiaomi ဖုန်းမော်ဒယ်တွေက ပြည်တွင်းသာ ထုတ်ရောင်းတာတွေ ရှိတတ်တဲ့အတွက် China Rom နဲ့သာ ရမှာဖြစ်လို့ Global မှ Global ဆိုပြီး မရူးသွပ်စေချင်ပါဘူး။
တစ်ခုပါပဲ ... China Rom တင်ထားတဲ့ဖုန်းတွေထဲမှာ Google Application တွေကို ဝယ်မယ့်ဆိုင်ကနေ ကိုက်ညီမှုရှိစွာ ထည့်သွင်းပေးတတ်ဖို့တော့ လိုပါတယ်။
မဟုတ်ရင် ဘာမှမဟုတ်ပဲ Error လို့ နာမည်အတပ်ခံရနိုင်တဲ့ ကွိစိကွစ စာတွေ တက်လာပြီး အာရုံနောက်ရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ Global ဖြစ်ဖြစ် China ဖြစ်ဖြစ် သူ့ဟာသူ ကောင်းပါတယ်လို့ ပြောချင်ပါတယ်။

Credit - MIUI Forum

Sort:  

ရေးထားတာလေး တော်တော် ပြည့်ပြည့် စုံစုံ ရှိလို့ ရှဲ တာပါ ...

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58106.16
ETH 2286.45
USDT 1.00
SBD 2.56