သည်းခံခြင်း (Patience)

in #myanmar8 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


ကျွန်တော်တို့လူ့လောက လူ့ပတ်ဝန်းကျင်မှာ သည်းခံကြပါ ဆိုသောစကားလုံးလေးများကို နေ့စဉ်နဲ့အမျှ ကြားသိနေကြရပါသည်။ အပြောလွယ်သလောက် အလုပ်ခက်သောအရာ တစ်ခုမှာ အဲဒီ သည်းခံခြင်းဆိုတာလည်း ပါမည်ထင်ပါသည်။ သည်းခံခြင်းဆိုတာကလည်း ပါရမီတစ်ပါးပင်ဖြစ်သည်မဟုတ်ပါလား။ တော်ရုံနှင့် ပါရမီဆိုတာဖြစ်မလာနိုင်တာကိုလည်း လူတိုင်းနားလည်သဘောပေါက်ကြမည်ပင်။ ဒီတော့ဘယ်လိုများသည်းခံနိုင်မလဲ။ လောကလူသားမျာသည် အတ္တနှင့် တွဲလျက်တည်ရှိနေကြသောကြောင့် ပါရမီဖြစ်ရန်အတွက် လေ့ကျင့်ထားနိုင်သူ အနည်းငယ်မျှသာ ရှိမည်ထင်ပါသည်။ ရာခိုင်နှုန်းအင်မတန်နည်းပါမည်။ မလွယ်ကူသောအလုပ်တစ်ခုပင်ဖြစ်ပါသည်။ ပုထုစဉ်လူသားများဖြစ်ကြသည့်အတွက် အသားမနာလေနှင့်။ ကိုယ့်အကျိုးစီးပွားကိုလာမထိခိုက်နှင့်။ ပြန်လှန်ခုခံ ကာကွယ် တိုက်ခိုက် ကြမည်သာဖြစ်ပါသည်။ မလွယ်ကူပါ။ တော်တော့ကို မလွယ်ကူသောအလုပ်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ပါရမီတစ်ပါးအဖြစ်တည်ရှိနေခြင်းဖြစ်မည်ထင်ပါသည်။ ရာဇ၀င်တွင်ထင်ကြားကျော်ကြားလှသော လူအများလည်း သိနေကြသော အာသောကမင်းကြီး၏ အာသောကကျောက်စာတိုင်ကြီးတစ်ခုတွင် အောင်နိုင်ခြင်းနှင့်ပတ်သက်သော စာသားတစ်ချို့အား ဖတ်ကြားမိခဲ့ဘူးပါသည်။ ထိုစာသားများမှာ

အနိုင်ရခြင်းအမျိုးမျိုးရှိသည့်အနက် ဓမ္မ၀ိဇယ ခေါ် တရားသဖြင့် အနိုင်ရခြင်းသည်သာလျှင် အကြီးမားဆုံး အမြင့်မြတ်ဆုံး အနိုင်ရခြင်းဖြစ်သည်


02.png

Image from google


လူအများစုတို့သည် သည်းခံခြင်းဆိုသည်မှာ လူပျော့များ၊ လူညံ့များသာလုပ်သောအလုပ်ဖြစ်သည်ဟု ထင်မှတ်တတ်ကြပေသည်။ မှားသည်ဟု ထင်မြင်မိပါသည်။ သည်းခံခြင်းသည် လူပျော့ လူညံ့များလုပ်နိုင်သောအရာတစ်ခုမဟုတ်ပါ။ အလွန်ပင် တော်သော၊ စိတ်ဓာတ်အင်အား အလွန်ပင်ပြည့်ဝသူများ၊ အလွန်ပင် ပါရမီပြည့်ဝနေသောသူများသာ လုပ်နိုင်သောအလုပ်တစ်ခုကို လူပျော့ လူညံ့များသာ လုပ်သောအလုပ်ဟု ထင်မြင်နေခြင်းသည် အလွန်ပင်မှားယွင်းနေကြောင်း သိသာလှပါသည်။ ပါရမီဆိုသောအရာတစ်ခုကို မည်သို့သော လူပျော့ လူညံ့များက ကျင့်ဆောင်နိုင်မည်နည်း။ ထို့ကြောင့်ပင် သည်းခံခြင်းသည် လူပျော့ လူညံ့များနှင့် လားလားမှမဆိုင်။ ခွေး နှင့် ပါးချပ် တစ်ခြားစီ ဆိုသောစကားကဲ့သို့ပင်ဖြစ်ပေမည်။ ပါရမီဆိုသောစကားလုံးသည် လူပျော့လူညံ့များအတွက်မဟုတ်။ လူတော်များ လူကောင်းများသာ ကျင့်ဆောင်နိုင်မည်ဖြစ်ပါသည်။ လူတော်ဖြစ်သော်လည်း လူကောင်းမဖြစ်သောသူများလည်း မကျင့်ဆောင်နိုင်ပါ။ သည်းခံခြင်းကို မည်သည့် လူပျော့ လူညံ့မျှ ပြုလုပ်နိုင်မည်မဟုတ်သည်မှာလည်း သေချာပါသည်။ လူပျော့လူညံ့တို့သည် စိတ်ဓာတ်ရေးရာ နဂိုကပင် ပြည့်စုံခြင်းမရှိသောကြောင့် ပျော့ကြ ညံ့ကြခြင်းသာဖြစ်ပေသည်။ သည်းခံခြင်းအရာတွင် စံထားခဲ့ဖူးသောလူအများအပြား ဘာသာရေးစာပေများတွင် အထင်အရှား ရှာဖွေဖတ်ရှုနိုင်ကြပါသည်။


03.png

Image from google


သည်းခံခြင်းဟူသောစကားလုံးကို မြင်လိုက်သည်နှင့် အခြားသူများ၏ ပြုလုပ်သမျှတို့အား ကြိတ်မှိတ်အောင့်အည်းနေရခြင်း၊ သူတို့ပြုသမျှ ခေါင်းငုံ့ခံနေရခြင်း၊ သူတို့ပြုသမျှ နုနေရခြင်း စသည်ဖြင့် အဓိပ္ပါယ်များ တစ်သီတစ်တန်း ပေါ်ပေါက်လာတတ်ကြမည်သာဖြစ်ပေသည်။ ငါဆိုတဲ့အကောင်က မြွေပွေး မြွေဟောက်လိုအကောင်နော် လာတော့မထိနဲ့ ထိလိုက်တာနဲ့ ပေါက်ပြီးသားပဲ ဟု ဆိုသူများ၊ နဂါးမှန်းသိအောင် အမောက်တော့ ထောင်ပြလိုက်အုံးမယ် အမောက်သာမက မီးပါမှုတ်ပြလိုက်မယ် ဆိုနေကြသောသူများ လောကတွင် အများအပြားပင်ဖြစ်မည်ထင်ပါသည်။ သည်းခံနေရင် ဘ၀ပျက်သွားမယ် ဒီတော့ သည်းမခံဘူး ဟု ဆိုသူများလည်း ဒု နဲ့ ဒေး ပင်ဖြစ်ပါသည်။ လူ့ဘ၀မှာ နေ့စဉ်တွေ့ကြုံနေရသည်များမှာလည်း သည်းမခံနိုင်လောက်သော အကြောင်းကိစ္စများ အများအပြားပင် ရှိတတ်ပါသည်။ အဘယ်သို့ သည်းခံနိုင်မည်နည်း။ လောလောဆယ်ပင် ကျွန်တော့်၏ချစ်မိတ်ဆွေများသည် ကျွန်တော်ရေးသားထားသော စာများအား သည်းခံ ဖတ်ရှုနေကြရသည်မဟုတ်ပါလား။ သည်းခံခြင်းသည် စိတ်ဓာတ်ခိုင်မာခြင်း၊ စိတ်မယိမ်းယိုင်ခြင်း စသည့် အဓိပ္ပါယ်လည်း သက်ရောက်ပါသည်။ မိမိတို့၏ စိတ်အား အလိုမလိုက်ခြင်းသည် သည်းခံခြင်းပင်ဖြစ်ပါသည်။ မလွယ်ကူသော အရာများသာဖြစ်ပါသည်။ ထိုမလွယ်ကူသောအရာတို့အား သာမန်အနေဖြင့် လိုက်နာရန်မလွယ်ကူသည်ဖြစ်ရာ ထိုအရာများသည် အဆင့်အတန်းမြင့်သောသူ၊ အထက်တန်းစားလူတို့၏ အရာဖြစ်ပါသည်။


04.png

Image from google


သည်းခံခြင်းဆိုသည်မှာ အလျော့ပေးခြင်း၊ ခေါင်းငုံ့ခံခြင်း၊ အညံ့ခံခြင်းမျိုးမဟုတ်မူပဲ အထက်တန်းစားစိတ်ရှိသူများ ကိုင်စွဲထားသော အခြေခံလက်နက်တစ်ခုဖြစ်ပါသည်။ ခန္တီစ သည်းခံခြင်းသည်လည်းကောင်း မနိုင်သဖြင့် သည်းခံခြင်းမျိုး မဟုတ်ပါ။ မနိုင်လည်းသည်းခံကြပါသည်။ နိုင်သော်လည်း သည်းခံကြပါသည်။ လူ့လောက လူ့သမိုင်းများအား ပြန်လည်လေ့လာလျှင် လူ့လောကကို ကောင်းကျိုးပြုခဲ့သော လူများသည် သည်းခံခြင်း ဆိုသည်မှာ သူတို့၏ အခြေခံအရည်အချင်းတစ်ရပ်ဖြစ်ကြောင်းကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ခန္တီပါရမီရှင် ဘုရားအလာင်း ကုဏ္ဍလရသေ့ကြီး၊ သာသနာပြုကြရသည့် ရဟန်းတော်များ၊ ဟံသာဝတီဘုရင် ရာဇာဓိရာဇ် စသည့် ပုဂ္ဂိုလ်များသည် သည်းခံခြင်းကို လက်နက်ကို ကိုင်စွဲခဲ့ကြကြောင်း ရာဇ၀င် သမိုင်းတို့တွင် အထင်အရှား ရှိပါသည်။ ထိုပုဂ္ဂိုလ်များသည် အောက်တန်းစား ပုဂ္ဂိုလ်များမဟုတ်ကြပါချေ။ ထို့ကြောင့် သည်းခံခြင်းဆိုသော အရည်အချင်း၊ သည်းခံခြင်းဆိုသောလက်နက်သည် အထက်တန်းစားလူသားတို့၏ အခြေခံလက်နက်တစ်ခုသာဖြစ်ပြီး အောက်တန်းစားလူများနှင့် မည်သို့မျှမသက်ဆိုင်သော အရာဖြစ်ကြောင်း သတိပြုပြီး မိမိတို့ ကိုယ်တိုင်က ထိုသို့သော လက်နက်ကောင်း၊ အရည်အချင်းကောင်းအား ကိုင်စွဲနိုင်သော အထက်တန်းစားလူသားများ ဖြစ်ကြပါစေ။ စာတိုသည်ကိုပင် မဖတ်ဖြစ်ကြသောကြောင့် စာရှည်ရှည်ရေးလျှင် ပိုပြီးဝေးကွာသွားမည် စိုးသဖြင့် ရေးလိုရာအချက်များရှိသေးသော်လည်း နောက်များမှ ရေးသားပါတော့မည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

15-Feb-2018 ကြာသပတေးနေ့(Thursday)

Sort:  

Good thinking

Thank you.

ဆက်လက် ပိုပြီးသည်းခံနိုင်ဖို့ကြိုးစားပါဦးမည်

ဒါပဲ ရှေ့ပဲသွားရတော့မှာပေါ့

သည်းခံခြင်း ကိုရှင်းလင်းတင်ပြထားတာ ကောင်းတယ် ကိုစိုး။ အားပေးတယ်။

ကြိုးစားကျင့်ကြံနေဆဲပဲလေ

သည်းမခံနိုင်ခြင်းအတိုင်းတာထက် ပို၍သည်းခံသောအခါ သည်းခံခြင်း၏ အကျိုးကို ခံစာရလိမ့်မယ်တဲ့ လေ..ဒါပေမဲ့ လဲ နဂါးမှန်းသိအောင်လဲ အမောက်ထောင်ပြသင့်တယ်လေ ခ်ခ်😁😁ဘာလုပ်ရမလဲ..လို့ အကိုစိုး😋😋

as u like

You got a 2.87% upvote from @upmyvote courtesy of @ansoe!
If you believe this post is spam or abuse, please report it to our Discord #abuse channel.

If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.

You got a 1.19% upvote from @buildawhale courtesy of @ansoe!
If you believe this post is spam or abuse, please report it to our Discord #abuse channel.

If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 63768.31
ETH 1672.84
USDT 1.00
SBD 0.42